ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်၊ ကျားကွင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တအိမ်ကို ကျပ် ၃၀,၀၀၀ ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောင်းမြမြို့နယ်၊ ကျားကွင်းကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မန်းရွှေသောင်းနဲ့ ရာအိမ်မှူး ထွန်းမြင့်ဦးတို့က စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး စက်တင်ဘာ ၃ ရက်က စတင်ကာ ဒေသခံတွေဆီကနေ တအိမ်ကို ကျပ် ၃၀,၀၀၀ အထိ ကောက်ခံနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တအိမ် ၃၀,၀၀၀ ကောက်တာ။ စစ်မှုထမ်းမိသားစုတွေကို ထောက်ပံ့ဖို့အတွက်ဆိုပြီး ကောက်တာ။ မဖြစ်မနေထည့်ရတာ။ ပိုက်ဆံထည့်ဖို့ ရှာဖွေခွင့် တရက်ပဲ အချိန်ပေးတာ။ ရှိတဲ့သူတွေအတွက် ကိစ္စမရှိဘူး၊ နေ့စားလုပ်စားနေရတဲ့ သူတွေအတွက် ၃၀,၀၀၀ ငွေက တော်တော်ခက်ခဲပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းရွှေသောင်းက စစ်မှုထမ်းကြေး တအိမ် ၃၀,၀၀၀ ကို သူ့ကျေးရွာအုပ်စုထဲက ကျားကွင်း၊ သင်ပေါင်းကွင်း စတဲ့ကျေးရွာ ၇ ရွာလောက်မှာ ကောက်ယူနေတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ငွေကောက်တာ၊ ငွေခွဲတာတွေက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အဓိကလုပ်တာ။ အပြည့်အဝ စစ်မှုထမ်းတဲ့သူတွေ မရပါဘူး။ ဟိုအခအတွက် နုတ်တာနဲ့ ကုန်နေတာ။ ဒါပေမဲ့ စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုပဲ လုပ်ခွင့်ပေးထားတော့ ခက်တာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ကျားကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းရွှေသောင်းက ကျေးရွာအုပ်စုအတွင်း သူနဲ့ အဆင်မပြေတဲ့သူတွေ၊ သူ့ကို တည့်အောင်မပေါင်းတဲ့သူတွေ၊ NLD ပါတီဝင်တွေရဲ့ မိသားစုတွေကို အဓိကထားပြီး စစ်မှုထမ်းစာရင်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး မန်းရွှေသောင်းဟာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူး ခန့်ပြီးကတည်းက ဖဲဝိုင်းထောင် ငွေကောက်တာ၊ ကင်းကြေးငွေကောက်တာ၊ ထောက်ခံစာကြေး၊ စာချုပ်လုပ်ပေးခအဖြစ် ငွေ ၅၀,၀၀၀ အထိ တောင်းတာ၊ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး NLD ပါတီဝင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီး ရိုက်နှက်တာတွေပါ လုပ်နေသူလို့ ဆိုပါတယ်။