ရန်ကုန်တိုင်းအတွင်းမှာ စက်တင်ဘာ ၅ ရက်ကစလို့ စစ်ကောင်စီရဲ့ စစ်သားလေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၅ အဖြစ် တက်ရောက်မယ့်သူတွေမှာ ညပိုင်း ပေါ်တာဆွဲခံရသူတွေနဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ ပါဝင်နေတယ်လို့ အဓမ္မ စုဆောင်းခံလိုက်ရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက် ညပိုင်းက ရန်ကုန်၊ အင်းစိန်မြို့နယ်အပိုင်ထဲက တညင်းကုန်းလမ်းဆုံမှာ ဘတ်စ်ကားစောင့်နေသူတွေကို အိမ်စီးကားတစီးနဲ့လာတဲ့ အရပ်ဝတ် ၃ ယောက်က ကားထဲ ဆွဲခေါ်သွားပါတယ်။
ဒီလိုဆွဲခေါ်ခံရသူတွေထဲမှာ လှည်းတန်းစင်တာမှာ အရောင်းဝန်ထမ်းတယောက်ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဟိန်းအောင် (အမည်လွှဲ) လည်း ပါဝင်နေခဲ့ပြီး စစ်သားစုဆောင်းခံရတာ မသိလိုက်တဲ့ မိသားစုတွေဟာ လူမှုကွန်ရက်မှာ လူပျောက်ကြော်ငြာတင်ခဲ့ပါတယ်။
ကိုဟိန်းအောင်ရဲ့ မိသားစုဝင်တယောက်က “အန်တီတို့ ဘာမှကို မသိလိုက်ရတာ။ သူနဲ့ ဖုန်းအဆက်အသွယ်ရတာက ညနေ ၅ နာရီလောက်က။ အရင်ကဆို ကားကို တဆင့်တည်း စီးလာတာ။ တညင်းကုန်းမှာ ပစ္စည်းတခု ဝင်ယူစရာရှိတယ်လို့ ပြောပြီးကတည်းက သူ့ဖုန်းတွေလည်း ပိတ်၊ လူလည်း ၂ ရက်လောက် အဆက်အသွယ် မရတော့ဘူး။ အဆက်အသွယ် ပြန်ရတော့ ဒီအထဲပါဖို့ မိဘကခွင့်ပြုကြောင်း စာလှမ်းတောင်းတာ။ သားက အခုမှ ၂၄ နှစ်ပဲ ရှိသေးတာပါ။ အခု အဲဒီနားက စုဆောင်းရေးတပ်ကနေ လေ့ကျင့်ရေးဘက်က ပို့လိုက်ပြီပြောတယ်။ ဘယ်ကိုလိုက်လို့ လိုက်ရမှန်းလဲ မသိတော့ဘူး” လို့ ပြောပါတယ်။
ရန်ကုန်၊ တာမွေမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုထွန်း (အမည်လွှဲ) ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အလုပ်လုပ်ရင်း ဒဂုံတက္ကသိုလ် တတိယနှစ် အဝေးသင် တက်နေသူတယောက်ပါ။
သူနေထိုင်ရာရပ်ကွက်မှာ စစ်မှုထမ်းဖို့အတွက် အပတ်စဉ် ၁ ကတည်းက မဲနှိုက်ထားခဲ့ရတာ ဖြစ်ပြီး ကျောင်းဆက်တက်နေသူတွေကို ယာယီကင်းလွတ်ခွင့်ရမယ်ဆိုတဲ့ အချက်ပါတာကြောင့် အဝေးသင်ပြန်အပ်ထားပေမဲ့ စစ်မှုထမ်းအပတ်စဉ် ၅ အတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်တွေ၊ တာမွေရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တိုက်ခန်းအထိ လာရောက်ခေါ်ဆောင်ပြီး ဩဂုတ် ၂၉ ရက်မှာ တညင်းကုန်းအနီးက စစ်သားစုဆောင်းရေးတပ်ကို ပို့ခဲ့တာဖြစ်ပါတယ်။
မိသားစုဝင်တယောက်က “ပါသွားမှတော့ ဘာမှလုပ်လို့မရဘူး။ ဥပဒေက သူတို့ပါးစပ်ထဲမှာပဲ။ ကျောင်းသားဆိုရင် မခေါ်ဘူးဆိုလို့ အိမ်က ကလေးက ကျောင်းအပ်ထားတယ်။ ရပ်ကွက်လူကြီးတွေကလည်း ပြောတယ်။ မင်းတို့ကို မခေါ်ဘူး၊ ငါတို့ အာမခံတယ်ဆိုပြီး ရဲပါ ပါတယ်၊ အိမ်အထိ လာခေါ်သွားတာ။ အဝတ်အိတ်တောင် သေချာမပါသွားဘူး။ အုပ်ထိန်းသူတွေလည်း သဘောတူလက်ခံပါတယ်ဆိုပြီး ခံဝန်သဘောမျိုး ထိုးထားရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ၊ အရပ်ဝတ်ရဲတွေဟာ ရန်ကုန်မြို့က ကားမှတ်တိုင်တွေ၊ လမ်းကြားတွေမှာ အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲတာ ဩဂုတ်လထဲမှာ စတင်များပြားလာပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်းထားသူတွေဟာ ပြီးခဲ့တဲ့ မေလကစပြီး တော်လှန်ရေးတပ် တွေနဲ့ တိုက်ပွဲအဖြစ်များနေတဲ့ ရှမ်းမြောက်နဲ့ ရခိုင်ဒေသတွေရဲ့ ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်ခံခဲ့ရပါတယ်။