Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၂ က တပ်သား ၁ ဦး ရှေ့တန်းမှ ထွက်ပြေးလွတ်မြောက်
DVB
·
September 4, 2024

စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံရပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ တပ်သားတယောက် စက်တင်ဘာ ၁ ရက်က ထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ် ပကဖအဖွဲ့ဆီ ခိုလှုံလာတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ က ထုတ်ပြန်ပါတယ်။

အဆိုပါတပ်သားသစ်မှာ ဟင်္သာတမြို့နယ်၊ ဇရပ်ကွင်းအုပ်စုမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ် တယောက်ဖြစ်ပြီး စစ်ကောင်စီရဲ့ အဓမ္မလူသစ်စုဆောင်းခံရကာ ၆ လကြာ စစ်သင်တန်း တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်ပြီး ၆ လအကြာ အခုနှစ် ဇူလိုင် ၂၆ ရက်က စစ်မှုထမ်းအပတ်စဥ် ၂ ရဲ့ သင်တန်းဆင်းလာသူဖြစ်ပြီး ၂ လအကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ၁၀၁ တပ်ရင်းမှာ တပ်သားအသစ်အဖြစ် တနင်္သာရီမြို့နယ်ဘက် ရှေ့တန်းပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ အဆိုပါတပ်သားသစ်ဟာ ရှေ့တန်းတနေရာကနေ ထွက်ပြေးလွတ်မြောက်လာပြီး တနင်္သာရီမြို့နယ် ပကဖထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ပြန်ကြား‌ရေးတာဝန်ခံတယောက်က  “အရပ်သားတွေကနေတဆင့် ချိတ်ဆက်ပြီး ရောက်လာတာပါ။ သူလိုကြုံရတဲ့လူတွေ အများကြီး ရှိတယ်တဲ့။ လက်ရှိတော့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖထံ ဘက်ပြောင်းခိုလှုံလာပြီး လက်ရှိမှာတော့ လုံခြုံစွာထားပြီး မိသားစုဝင် တွေနဲ့ အဆက်အသွယ်ရအောင် ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် အမျိုးသားတွေ ကို မဲဖောက်ရွေးချယ်တာတွေ၊ စစ်ပညာသင်ကြားခိုင်းပြီး ရှေ့တန်းပို့ဆောင်တဲ့ ဖြစ်စဥ်အပြင် ကျေးရွာတွေမှာ ပေါ်တာဝင်ဆွဲတာမျိုးတွေအထိ ရှိလာတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024