မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်တွေအတွင်းမှာ သီရိလင်္ကာ၊ စင်ကာပူ၊ လက်ဘနွန် လက်ရွေးစင်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားမယ်လို့သိရပါတယ်။
မြန်မာ့ လက်ရွေးစင်အသင်းရဲ့ ပမာဏကစားသမား ၃၉ ယောက် စာရင်းကို စက်တင်ဘာ ၂၁ ရက်ညပိုင်းက ထုတ်ပြန် ကြေညာခဲ့ပြီး စက်တင်ဘာ ၂၄ ရက်မှာ စတင်လေ့ကျင့်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့အဆင့် ၁၆၇ မှာရှိတဲ့ မြန်မာဘောလုံးအသင်းဟာ ကမ္ဘာ့အဆင့် ၂၀၀ မှာရှိတဲ့ သီရိလင်္ကာ အသင်းနဲ့ လာမယ့် အောက်တိုဘာ ၁၀ ရက်နဲ့ ၁၃ ရက်တွေမှာ ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။
အလားတူ နိုဝင်ဘာလအတွင်းမှာလည်း စင်ကာပူ၊ လက်ဘနွန် အသင်းတွေနဲ့ ခြေစမ်းဖို့ စီစဉ်ထားကြောင်း ဘောလုံးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ်။
MFF ဟာ ပြီးခဲ့တဲ့လပိုင်းက ဂျာမန်နည်းပြချုပ် ဖက်ချ်တန်ဘိုင်နာကို ထုတ်ပယ်ခဲ့ပြီးနောက် ပြည်တွင်းနည်းပြ ဦးမျိုးလှိုင်ဝင်းကို တာဝန်ပေးထားပါတယ်။
မြန်မာအသင်းဟာ လာမယ့်နှစ် ဒီဇင်ဘာလအတွင်းမှာ ဒေသတွင်းအဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။