မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတို့ရဲ့ ခြေစမ်းပွဲကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖျက်သိမ်းလိုက်တယ်လို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာအမျိုးသမီးအသင်းနဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းတို့ဟာ ဧပြီ ၉ ရက်နဲ့ ၁၁ ရက်မှာ ဖီဖာ နိုင်ငံတကာအသိအမှတ်ပြု ခြေစမ်းပွဲနှစ်ပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ စီစဉ်ထားခဲ့တာပါ။
အဲဒီပွဲစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်နေတဲ့ အခြေအနေကို စိုးရိမ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖျက်သိမ်းခဲ့တာကို အသိပေးခဲ့ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ဖျက်သိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘောလုံးအဖွဲ့ချုပ်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၇ ရက်ကလည်း ဩစတြေးလျနိုင်ငံက မြန်မာနေရှင်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ငြင်းဆိုခဲ့ပါတယ်။