Home
မြန်မာသတင်း
သင်္ကြန်အိမ်ပြန်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများ Re-Entry ကြေးပေးမှ ထိုင်းကို ပြန်ဝင်ခွင့်ရ
DVB
·
April 4, 2024
bridge 442024

သင်္ကြန်ကာလ မြန်မာပြည်ပြန်မယ့် ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲ ပြန်လာတဲ့အခါ  ပြန်လည်ဝင်ရောက်ခွင့် Re-Entry ကြေးကင်းလွတ်ခွင့်မရဘဲ ပုံမှန်ကျသင့်ငွေအတိုင်း ပေးဆောင်ပြီးမှ ပြန်လည်ဝင် ရောက်နေရတယ်လို့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ သင်္ကြန်ကာလတွင်း ထိုင်းနိုင်ငံကနေ သင်္ကြန်ပိတ်ရက်နေရပ်ပြန်မယ့် ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည်ဝင်ရောက်ခွင့်(Re-Entry ) လျှောက်ထားဖို့မလိုဘဲ ကင်းလွတ်ခွင့်ရရှိမှာဖြစ်တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

လက်တွေ့ အခြေအနေမှာတော့ မဲဆောက်-မြဝတီ  အမှတ် ၁  တံတားကနေ ပြန်လည်ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေဟာ ပုံမှန်လုပ်ဆောင်နေကျ ပြန်လည်ဝင် ရောက်ခွင့်( Re-Entry ) ဘတ် ၁၃၅၀ ပေးဆောင်နေရတယ်လို့  ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုလုပ်ကိုင်နေသူတွေက ပြောပါတယ်။

ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု လုပ်ကိုင်နေသူတဦးက “ကင်းလွတ်ခွင့်ကို တံတားထိပ်မှာ ရှင်းပြမယ့်သူ မရှိဘူး။ တောမောင်း(လဝက)ရုံးက ဘာမှမပြောတဲ့အတွက် ပုံမှန် တုံးကြီး ထုခအတိုင်းဘတ် ၁၃၅၀ ထုပေးရတယ်။ ထုပေးမှ အဲဒီတုံးကြီး ပါသွားမှ သူတို့က ပြန်ဝင်လာခွင့်ရှိတာ။ တုံးကြီးမထုဘဲ လွှတ်လိုက်မယ်ဆိုရင် တံတားပေါ်က သူတို့ကို Cancel တုံးအနေနဲ့ ထုလိုက်မှာ။ အဲလိုကျ သူတို့က ပြန်ဝင်လာလို့မရတော့ဘူး”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေဟာ သင်္ကြန်ကာလအတွင်း မဲဆောက်- မြဝတီနယ်စပ်ကနေ တရက်ကို လူဦးရေ ၁၀၀ ကျော်လောက်သာ ပြန်လည်ဝင်ရောက်ပါတယ်။

စစ်အာဏာမသိမ်းခင်က တရက်ကို မြန်မာနိုင်ငံသား  ၁၀၀၀ နီးပါးပြန်လေ့ရှိပြီး  နှစ်စဉ် ၁ သိန်းနီးပါး ပြန်လေ့ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည် ငြိမ်တာ၊ စစ်မှုထမ်းဆောင်ဖို့ အတင်းအဓမ္မ လူစုဆောင်းတာတွေကြောင့် အကြောင်းအမျိုးမျိုးနဲ့ မဖြစ်မနေပြန်လာသူတွေလောက်ပဲရှိတယ်လို့ မဲဆောက်-မြဝတီ ခရီးသည်ယာဉ်လိုင်းပြေးဆွဲနေသူတွေက ပြောပါတယ်။

မဲဆောက်-မြဝတီ ခရီးသည်ယာဉ်လိုင်းပြေးဆွဲနေသူတဦးက “တချို့ မဖြစ်မနေ ပြန်ရတဲ့သူတွေ လောက်ရှိတယ်။ နိုင်ငံရေးအခြေ၊ လမ်းအနေအထား၊ အစစ်အဆေး များတာတွေကြောင့် ကောပါတယ်။ မြဝတီလောက်က အဆင်ပြေတယ်။ ဘားအံကျတော့ မေးမြန်းတာတွေကြောင့် မပြန်ချင်ကြဘူး။ ပြန်ထွက်ရင် ဘယ်လို ပြန်ထွက်မလဲ။ အဝင်ကတော့ လွယ်ရင်လွယ်မယ်။ နောက် မဖြစ်မနေ ၄၀ ကျော်လောက်ပဲ ပြန်မယ်။ ပြန်တဲ့လူငယ်ပိုင်းက ရှားလိမ့်မယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ သင်္ကြန်ပိတ်ရက် နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသား အလုပ်သမားများ ကိုယ်ရေးအချက်အလက် (OWIC) ကတ် ကိုင်ဆောင်ထားသူတွေသာ မြန်မာအာဏာပိုင်တွေက ပြန်လည်ဝင်ရောက်ခွင့်ပေးမှာဖြစ်ပါတယ်။

OWIC ကတ်မရှိသေးသူတွေအနေနဲ့ ကျသင့်အခွန်ပေးဆောင်ပြီး လျှောက်ထားရမှာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က ပြောပါတယ်။

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “သင်္ကြန်ကာလ ထိုင်းအစိုးရက ပေးလိုက်တဲ့ ဘတ် ၁၃၀၀ ကျော်လောက် ငါးစာကို မြင်ပြီးတော့ မြန်မာဘက်ခြမ်း ရောက်သွားတဲ့အခါ OWIC လို့ခေါ်တဲ့ ရေခြားမြေခြား အလုပ်သမားဖြစ်ကြောင့် သက်သေခံအထောက်အထားကတ်ပြား မရှိဘူးဆိုရင် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံရမှာဖြစ်တယ်။ OWIC ကတ် မပြနိုင်ရင် အကြီးကြီးဒုက္ခတွေ့မယ်။ အကြပ်တွေ့မယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းကို တရားဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အပါအဝင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၇  သန်းနီးပါးရှိတယ်လို့ ထိုင်းသတင်းမီဒီယာတွေရဲ့အချက်အလက်တွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလုပ်အကိုင်ရှားပါးတာအပြင် စစ်မှုထမ်းဖို့ အဓမ္မလူစုဆောင်းတာတွေကြောင့် လူငယ်အများစုဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း၊ ကာတာ စတဲ့ နိုင်ငံတွေကို တရားဝင်နည်းလမ်းအပြင် တရားမဝင်နည်းလမ်းတွေနဲ့ သွားရောက်အလုပ်လုပ်ကိုင်သူ တနေ့တခြား များပြားလာနေပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013