ပြင်သစ်ရဲတပ်ဖွဲ့ဟာ ဧပြီ ၃ ရက်က ဝန်ကြီးချုပ်ဟောင်း အက်ဒွါ့ဖိလစ်ရဲ့ လယ်အာ့ဗာမြို့မှ မြို့တော်ဝန် ရုံးခန်းတွေထဲကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဒါတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ငွေကြေးဆိုင်ရာ အမှားအယွင်းတွေကို ပဏာမ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တရားရေးဆိုင်ရာ သတင်းရင်းမြစ်တခုက ပြောပါတယ်။
ဒီရှာဖွေမှုဟာ တရားမဝင် သြဇာလွှမ်းမိုး အသုံးချမှု၊ မျက်နှာသာပေး ဘက်လိုက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုမှုတို့နဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ အမှုဖွင့်လှစ်ခဲ့တဲ့ ပဏာမ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောကြားခဲ့ပြီး ဖိလစ်ရဲ့နာမည်ကိုတော့ မဖော်ပြခဲ့ပါဘူး။
ဒီစုံစမ်းစစ်ဆေးမှုဟာ ဖိလစ်နဲ့ သူ့လက်ထောက်တချို့ကို တိုက်ရိုက်ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြင်သစ်သတင်းစာ လဲမွန်းဒ်က အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ လယ်အာ့ဗာမြို့ရဲ့ မြို့တော်ဝန် ဖိလစ်ကို မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်လို့ မရပါဘူး။
ဝန်ကြီးချုပ်ဟောင်း အက်ဒွာ့ဖိလစ်ဟာ ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အီမန်နျူယယ် မက်ခရွန်ရဲ့ နေရာကို ဆက်ခံဖို့ အလားအလာရှိတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရပြီး လက်ရှိ ပြင်သစ်မြောက်ပိုင်း နော်မန်ဒီဒေသရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ လယ်အာ့ဗာမြို့ရဲ့ မြို့တော်ဝန်လည်း ဖြစ်ပါတယ်။
ဖိလစ်ဟာ အစိုးရအပြောင်းအလဲ မတိုင်ခင် ၂၀၂၀ ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
သူဟာ ၂၀၁၇ ရွေးကောက်ပွဲပြီးနောက် သမ္မတရဲ့အဖွဲ့မှာ ပါဝင်ပူးပေါင်းဖို့ ကွန်ဆာဗေးတစ် ဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီကနေ ဘက်ပြောင်းခဲ့တဲ့ မက်ခရွန်ရဲ့ ပထမဆုံးဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ ဖိလစ်ဟာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ စက်မှုဆိပ်ကမ်းမြို့ လယ်အာ့ဗာမြို့ရဲ့ မြို့တော်ဝန်အဖြစ် ပြန်လည်အရွေးခံရပြီး သူ့ရဲ့နိုင်ငံရေးသမားဘဝကို တည်ဆောက်ခဲ့ပါတယ်။
Source/Photo-REUTERS/Sarah Meyssonnier