ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်ရတာကြောင့် စိုက်ပျိုးထားတဲ့ ပဲစင်းငုံ၊ စပါးတွေကို ဒေသခံတွေ စုပေါင်းရိတ်သိမ်းနေကြတယ်လို့ သိရပါတယ်။
မနှစ်တုန်းက တိုက်ပွဲတွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းမရဘဲ ဆုံးရှုံးခဲ့ရပြီး အခုနှစ်မှာတော့ စောစောစိုက်ပျိုးပြီး စောစောစုပေါင်းရိတ်သိမ်းကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အရင် ဘိုးဘွားခေတ် ခေတ်မကောင်းတုန်းလည်း ခုလိုပဲ၊ ရွာက အချင်းချင်း ကူညီကြတာ။ ခုလည်း ခေတ်အခြေအနေအရ စိုက်ပျိုးထားတဲ့ သီးနှံဆုံးရှုံးမှုမရှိရအောင် စုပေါင်းရိတ်သိမ်းကြတယ်။ ပျော်ဖို့လည်းကောင်းတယ်။ ဓလေ့တခုလည်း ဖြစ်တယ်။ ရွာသားတွေ စည်းလုံးတာကိုလည်း မြင်နိုင်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဆီဆိုင်မြို့နယ်ထဲတိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “စစ်ပွဲကိုလည်း မရှောင်နိုင်တော့ဘူး။ ရှောင်လိုက်ရင် အိုးအိမ်တွေပစ်ပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေ အကုန်ဆုံးရှုံးရတယ်။ တခြားနယ်မှာ ပိုခက်ခက်ခဲခဲနေရတယ်။ ကိုယ့်ရပ်ကိုယ့်ရွာဆိုရင်တော့ ဟင်းသီးဟင်းရွက်လား စပါးလား ပြန်ထွက်တယ်လေ။ ဒုက္ခမခံချင်တော့လို့ တိုက်ပွဲဖြစ်လည်း မရှောင်တော့ဘဲ ရွာထဲဘဲ နေတယ်” လို့ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ ဇန်နဝါရီလကစတင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ဆီဆိုင်မြို့မဈေးအပါအဝင် ဒေသခံနေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။