Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်မည်ကို စိုးရိမ်ပြီး ဖားကန့်ဒေသခံများ တိမ်းရှောင်
DVB
·
September 20, 2024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲ တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့အတွက် ဖားကန့်မြို့ပေါ် ရပ်ကွက်တွေက ပြည်သူတွေ တိမ်းရှောင်နေကြပြီလို့ ဒေသခံက ပြောပါတယ်။

ဖားကန့်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်နဲ့ မှော်ဝမ်းရပ်ကွက်က ပြည်သူတွေ စပြီး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်နဲ့ မှော်ဝမ်းရပ်ကွက်တို့ကတော့ စစ်ကောင်စီရဲ့ ဖားကန့်မြို့နယ်ကို စစ်အင်အားဖြည့်တင်းပေးနေပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီး ပစ်ကူပေးနေတဲ့ အဓိကကျရဲ့ စစ်တပ်ဗျူဟာကုန်းအောက်က ရပ်ကွက်တွေ ဖြစ်ပါတယ်။

“ဖားကန့်တပ်မကုန်းက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ပြီး ငှက်ပျောတောရပ်ကွက်ထဲ ကျတယ်၊ လူတွေသေတယ်၊ ထိခိုက်ဒဏ်ရာရတယ်။ အဲဒီကတည်းက တချို့က ဆိုင်တွေ ပိတ်ကြပြီ။ ဒီနေ့လည်း ဖားကန့်မြို့ထဲက ရပ်ကွက် ၄ ခုပေါ့၊ မြို့မ၊ မှော်ဝမ်း၊ ငှက်ပျောတော၊ မရှီကထောင် အဲ့ကပြည်သူတွေ တိမ်းရှောင်နေကြပြီ။ တိုက်ပွဲ ပြင်းထန်လာမှာ စိုးရိမ်လို့။”

စက်တင်ဘာ ၁၆ ရက်က ဖားကန့်မြို့တွင်း ငှက်ပျောတောရပ်ကွက်၊ မြို့ပြင် ဖားပြင်နဲ့ မှော်တောင်းကျေးရွာတွေမှာ လက်နက်ကြီး ကျပေါက်ကွဲခဲ့လို့ အရပ်သား ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို နောက်ထပ် ၁၃ ယောက် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြတာပါ။

စက်တင်ဘာ ၇ ရက်က စတင်ပြီး ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကတော့ ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ပစ်တာအပြင် လေကြောင်းကနေ လာရောက်ဗုံးကြဲတာတွေကြောင့် ဆိုင်းတောင်ရွာအတွင်း အရပ်သားပြည်သူသေဆုံးမှု အ‌ေယာက် ၃၀ ထက်မနည်း ရှိနေသလို နေအိမ် ၄၀၀ ခန့်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဆိုင်းတောင်ဘက်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဖားကန့်မြို့ ဗျူဟာကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေဆဲဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မြို့ထဲတော့ အခြေအနေက တော်တော်ရှုပ်ထွေးနေတယ်။ တိမ်းရှောင်တဲ့သူတွေလည်း တိမ်းရှောင်ကုန်ကြပြီ။ စစ်ရှောင် ၅,၀၀၀ ကျော်က ဘယ်ကိုပြေးရမလဲမသိ ဖြစ်နေကြတယ်။ ဆိုင်းတောင်၊ ယူမာ အဲ့ဘက်မှာက တိုက်ပွဲပြင်းထန်နေဆဲပဲ။ ဖားကန့်တပ်မကုန်းလည်း လက်နက်ကြီး ပစ်ကူနေတုန်း။ လေကြောင်းရန်ကလည်း ကြောက်ရတယ်လေ။”

စက်တင်ဘာ ၁၈ ရက်အထိ ဆိုင်းတောင်ရွာထဲက ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ယူမာ၊ ဆန်းကြွယ်၊ မှော်တောင်း၊ ဖားပြင်၊ ကျောက်သွေးတောင်ရပ်ကွက် စတဲ့နေရာတွေက ဖားကန့်မြို့ထဲ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၅,၀၀၀ ကျော် ရှိလာပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေပါတယ်။

လတ်တလော ဖားကန့်မှာ ကျန်နေတဲ့ ပြည်သူတွေကလည်း အခြေခံစားသောက်ကုန် ဝယ်ယူဖို့ ခက်ခဲလာတာ၊ ဖုန်း အင်တာနက်လိုင်း ဖြတ်တောက်ခံရတာတွေကြောင့် တိုက်ပွဲသတင်း အချက်လက်ရရှိဖို့ ခက်ခဲတာ၊ လက်နက်ကြီးအန္တရာယ် စိုးရိမ်နေရတယ်လို့ ဖားကန့်မြို့တွင်း နေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဂိတ်ချထားတဲ့ ဖားကန့်မြို့အဝင်က ပန်းတင်တံတားကိုလည်း KIA KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ဖားကန့်တပ်မကုန်းကိုလည်း KIA KPDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024