Home
မြန်မာသတင်း
PDF ကိုထောက်ပံ့သည်ဆိုပြီး ချောင်းသာဒေသခံ ၆ ဦးကို ဖမ်းဆီး၊ သာပေါင်း ဒေသခံ ၁၀ ဦးကို စစ်မှုထမ်းရန်ခေါ်သွား
DVB
·
September 21, 2024
photo Crd- MMK
photo Crd-Su Myat

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲက ဒေသခံအမျိုးသား ၆ ယောက်ဟာ PDF တွေကို ထောက်ပံ့ကူညီနေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့ပြီး သာပေါင်းမြို့နယ်မှာတော့ ဒေသခံ ၁၀ ယောက်ကို စစ်မှုထမ်းဖို့အတွက် ဖိအားပေးခေါ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းသာက အဖမ်းခံရတဲ့ ဒေသခံ အယောက် ၆ ဟာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျောက်ပုံကျေးရွာနဲ့ ချောင်ခွကျေးရွာက အရပ်သားတွေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ငွေနဲ့ ရိက္ခာတွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးခဲ့တာလို ဒေသခံတွေက ဆိုပါတယ်။

အသက် ၁၈ နှစ်နဲ့ ၂၀ အရွယ် လူငယ်တွေဖြစ်ပြီး စစ်ကောင်စီက ပုသိမ်မှာရှိတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ လူငယ်တွေက စွပ်စွဲဖမ်းခံရတာပါ။ စစ်ကောင်စီ တပ်က စစ်ဆေးနေတာလိုသိရတယ်။ ရခိုင်ဘက်မှာတိုက်ပွဲတွေ ရက်ဆက်ဖြစ်နေလို့ ရခိုင်ဘက်က ထွက်ပြေးလာသူတွေကို လက်ခံမှာကိုမလိုပြီး ရခိုင်နဲ့ နယ်နမိတ်ထိစပ်နေတဲ့နေရာက ဒေသခံတွေကို အခုလို ဖမ်းဆီးစစ်ဆေးနေတာ” လို့ ပြောပါတယ်။

အဲဒီ ဒေသခံတွေကို ဖမ်းဆီးချိန်မှာ ကျောက်ပုံကျေးရွာက ဒေသခံတွေရဲ့ နေအိမ် ၄ လုံးနဲ့ ချောင်းခွကျေးရွာက နေအိမ် ၃ လုံးကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇွန်လကလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ရေလမ်း၊ ကုန်လမ်းခရီးတိုက်ရိုက်ရောက်တဲ့ ငပုတောနဲ့ သာပေါင်း က ဒေသခံ ၉ ယောက်ကိုလည်း PDF နဲ့ အဆက်အသွယ်ရှိတယ်လို့ စစ်တပ်က စွပ်စွဲပြီး လိုက်လံ ဖမ်းဆီးခဲ့ပါသေးတယ်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာတော့ စစ်မှုထမ်းဖို့အတွက် ဒေသခံ ၁၀ ယောက်ကို စစ်ကောင်စီခန့် လှေတက်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်း ဖိအားပေးခေါ်ယူပြီး ပုသိမ်မြို့ ရွှေမြင်တင်(စခတ) ၆ ဆီကို ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကြက်သွန်ကွင်း၊ အုတ်ပုံကုန်း၊ တပ်ကုန်း၊ ဘုရားဦးပေါက်၊ လှေကြီးတက်၊ ရေတွင်းကုန်း၊ သဲဖြူကုန်း၊ နံနံကုန်း၊ မြသင်းကုန်း၊ ဒိုးစမ်းကုန်း စတဲ့ ကျေးရွာတွေက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားတွေဖြစ်ပြီး မိသားစုတွေနဲ့ ဒီနေ့အထိ အဆက်အသွယ် ပြတ်နေတယ်လို့လည်း သိရပါတယ်။

သူတို့ကို ရွာအုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်ယူတာလို့ ဒေသခံတွေက ပြောပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာတော့ စစ်မှုထမ်းချင်တယ်လို့ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013