မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက ငါန်းမြာကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် PDF တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ဒေသခံ အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ စာသင်ကျောင်းနဲ့ ရဲစခန်း နေရာကို အများဆုံး ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်သွားတာဖြစ်ပြီး လေယာဉ်ပေါ်ကနေလည်း ငါန်းမြာကြီးရွာကို ပစ်ခတ်ဗုံးကြဲနေတာ အတိုင်းသား မြင်နေရတယ်လို့ ငါန်းမြာကြီးရွာနဲ့ မီတာ ၂၀၀၀ လောက်သာ ဝေးတဲ့ ကျေးရွာတခုက ဒေသခံတယောက်က ပြောပါတယ်။
တံတားဦးဘက်ကတက်လာတဲ့ တိုက်လေယာဉ်က ရော့ကက် ၇ လုံးပစ်ခတ်ခဲ့သလို ဗုံး ၂ လုံး ကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါပစ်ခတ်ခဲ့ပြီး အဲဒီတိုက်ခိုက်ခံရမှုမှာ PDF ရဲဘော် ၂ ယောက်နဲ့ ပြည်သူ ၁၀ ယောက် သေဆုံး၊ ပြည်သူ ၂၀ နီးပါးလောက် ဒဏ်ရာရရှိထားတယ်လို့ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
နောက်တကြိမ် လေကြောင်းကနေပြန်လာတိုက်ခိုက်မှာစိုးရိမ်လို့ ခဏစောင့်နေရပြီး ကယ်ဆယ်ရေးတွေလုပ်ပြီးမှ အသေးစိတ်သိရမယ်လို့ မြောင် CDSOM တာဝန်ရှိသူ ကိုနွေဦးက ပြောပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၅,၀၀၀ ကျော် နေထိုင်တဲ့ ငါန်းမြာကြီးရွာဟာ ငါန်းဇွန်နယ်ထဲက ရွာကြီးတခုဖြစ်ပြီး ငါန်းမြာကြီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သြဂုတ် ၁၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းထားတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာလည်း လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ DVB အနေနဲ့ ဆက်လက် အတည်ပြုနေဆဲဖြစ်ပါတယ်။