ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က လူနေရပ်ကွက်ပေါ်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၁ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းနဲ့ ဖျက်အားပြင်းဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက နောင်ချိုမြို့ကို သိမ်းပိုက်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပြီး လေကြောင်းကနေ ဖျက်အားပြင်းဗုံး အလုံးရေ ၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း နေ့စဉ်ရက်ဆက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ဗုံးက ဒီနေ့မနက် ၇ နာရီခွဲလောက်က Y-12 အမျိုးအစားလေယာဉ်နဲ့ ၅ လုံး ချသွားတယ်။ ဈေးနောက်ပေါက်ဆိုင်ခန်းပေါ် ၁ လုံး၊ ညောင်ပင်နား ၁ လုံး၊ လှသစ္စာ ထမင်းဆိုင်နား ၁ လုံးကျတယ်။ ဈေးဆိုင်နဲ့ အိမ်တချို့ပျက်တယ်” လို့ ပြောပါတယ်။
ဒီနေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ နောင်ချိုမြို့မဈေးက ဆိုင်ခန်းတချို့နဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “တောင်းခမ်း ဆိုးအောက်(Sold Out)ပြီ လို့ သတင်းအမှားတွေ တက်လာပြီးတဲ့ ၁၃ ရက်နေ့ ပြီးကတည်းက မြို့ပေါ်ကို ၁၄ ရက်နေ့မှာ နေ့လယ်မှာ ၁ ကြိမ်၊ ညသန်းခေါင်မှာ ၁ ကြိမ်၊ ၂၀ ရက်နေ့မှာ ၁ ကြိမ်၊ ဒီနေ့ မနက် ၁ ကြိမ် ဗုံးလာကြဲသွားတယ်။ လက်နက်ကြီးနဲ့ကတော့ တောင်းခမ်းမှာ တိုက်ပွဲစဖြစ်ကတည်းက နေ့စဉ်နီးပါး ပစ်နေတယ်” လို့ ပြောပါတယ်။
TNLA တအာင်းတပ်နဲ့ တော်လှန်ရေးအင်အားစုတွေက နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြောက်တပ်မဌာနချုပ်ကို ဆက်လက် တိုက်ခိုက် နေပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၈၄ ရက်မြောက်နေ့အထိ နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို TNLA စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။