ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ခေါက်နွဲ့ကျေးရွာအုပ်စုရှိ ရေကြီး မြေပြို နစ်မြုပ်သွားတဲ့ ခေါက်နွဲ့ရွာ၊ အိမ်ခစ်ရွာနဲ့ လပ်လိုင်းရွာတွေမှာ လက်ရှိ အရေးပေါ်အကူအညီနဲ့ ဆေးဝါး အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဖုန်းလိုင်းတွေ မရသေးပါဘူး။ တချို့နေရာ သွားလို့မရသေးဘူး။ လမ်းရေမြုပ်နေတာ ရှိတယ်။ လမ်းတွေ မြေပြိုနေတယ်။ ဆေးဝါးနဲ့ အစားအသောက်၊ လိုအပ်တာတွေ ပံ့ပိုးပေးလာနိုင်တဲ့လူတွေ လိုတယ်။ တချို့ အခြေအနေ မသိရသေးတဲ့ရွာ၊ အဆက်သွယ် ပြတ်နေတဲ့ ရွာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း လက်ရှိအထိ မရောက်လာသေးတဲ့အပြင် အကူအညီတွေလည်း မရောက်သေးဘူးလို့ ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်း ၂ နာရီလောက်က ရေကြီး မြေပြိုမှုကြောင့် အိမ်ခစ်ရွာမှာ လူနေအိမ် ၂၅ လုံး၊ စာသင်ကျောင်းဆောင် ၃ ဆောင် ပျက်စီးသွားခဲ့ပြီး အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၇ ယောက်၊ စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ကာ ၃၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ခေါက်နွဲ့ရွာမှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၄ ယောက် သေဆုံးပြီး လူနေအိမ် အလုံး ၂၀ ပျက်စီးခဲ့ကြောင်း၊ လပ်လိုင်းရွာမှာလည်း လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းပြုစုနေဆဲ ဖြစ်ပါတယ်။
အကူအညီပေးဖို့ ကြိုးစားနေသူက “တောင်ပြိုထားတော့ အောက်ထဲဆင်းဖို့ မလွယ်နိုင်သေးဘူး။ ခေါက်နွဲ့ရွာကလည်း တောင်အောက်မှာ။ ဆင်းတဲ့လမ်းက ချော်တယ်။ ကူညီဖို့ လာမယ့်သူတွေအနေနဲ့ တောင်ကြီးဘက်လမ်းကနေသာ လာလို့ရပြီး လမ်းတွေ ချော်နေတာကြောင့် ကားတွေမှောက်သွားတာတွေရှိလို့ ကားကို သတိကြီးကြီးနဲ့ မောင်းလာသင့်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ နောင်နိမ်းရွာမှာလည်း လူနေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး လူ ၈ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း၊ နမ့်စန်မြို့မှာလည်း ရေကြီးရေလျှံပြီး နေအိမ်တချို့ အပျက်အစီး ရှိပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက မြို့တချို့နဲ့ ရွာတချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကစပြီး စက်တင်ဘာ ၁၃ ရက်အထိ မိုးသည်း ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။