Home
မြန်မာသတင်း
NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု MNDAA ထုတ်ပြန်၊ တော်လှန်အင်အားစု အားလုံးနှင့် ချိတ်ဆက်ရန် ကြိုးစားနေဟု NUG ပြော
DVB
·
September 19, 2024

ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တစုံတရာ မှတ်ချက်ပေးစရာမရှိဘဲ တော်လှန်ရေးအင်အားစုအားလုံးနဲ့ ဆက်လက် ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက DVB ကို ပြောပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ရေးကော်မတီက NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ ပါဝင်တဲ့  နိုင်ငံရေး ရပ်တည်ချက် တစောင်ကို စက်တင်ဘာ ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတဲ့အပေါ် NUG ဘက်က တုံ့ပြန်လိုက်တာပါ။

အချက် ၃ ချက်ပါ ထုတ်ပြန်ချက်မှာတော့ ပထမအချက်အနေနဲ့ MNDAA ရဲ့ မူလ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို လုံးဝ ပြောင်းလဲမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတော်ကနေ ခွဲထွက်တာ၊ နိုင်ငံတော်အာဏာကို လုယူတာ၊ လွတ်လပ်ရေးယူပြီး နိုင်ငံသစ်ထူထောင်တာတွေကို လုံးဝပြုလုပ်မှာမဟုတ်ကြောင်း ဖော်ပြပါတယ်။

ဒုတိယအချက်မှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ နိုင်ငံခြား အသိုက်အဝန်းတွေနဲ့ ပူးပေါင်းဆက်ဆံတာ၊ မဟာမိတ်ဖွဲ့တာတွေ ပြုလုပ်မှာမဟုတ်ကြောင်းနဲ့ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းတာ၊ စစ်မြေပြင်ချဲ့ထွင်တာ၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုံးဝလုပ်မှာမဟုတ်သလို စစ်မြေပြင်ချဲ့ထွင်တာ မလုပ်ပေမဲ့ ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်ကိုင်စွဲမယ်လို့ ဆိုထားပါတယ်။

တတိယအချက်အဖြစ်တော့ တရုတ်အစိုးရက မြန်မာ့အရေးမှာ ကြားဝင်စေ့စပ် ဖြေရှင်းပေးဖို့နဲ့ MNDAA က ချက်ချင်းအပစ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးဆွေးနွေးတဲ့လမ်းစဉ်နဲ့ အဖြေရှာသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “MNDAA ရဲ့ Statement ဆိုပြီး ထုတ်တာ တွေ့တာပေါ့နော်။ ဒါပေမဲ့ လောလောဆယ် ကျနော်တို့အနေနဲ့ မှတ်ချက်ပေးစရာ မရှိပါဘူး။ NUG အနေနဲ့ကတော့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ချိတ်ဆက်ပြီး အမြဲတမ်း အတူတကွ အလုပ်လုပ်ကိုင်ဖို့အတွက် လုပ်နေကြတာတော့ အမြဲတမ်း တောက်လျှောက် ရှိနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စတခုတည်းအတွက် ကျနော့်အနေနဲ့ သီးသန့် မှတ်ချက်မပေးချင်ပါဘူးခင်ဗျ” လို့ ပြောပါတယ်။

ဩဂုတ် ၂၉ ရက်ကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ပြည်တွင်းစစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ခြိမ်းခြောက်ထားတဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေး ကော်မတီရဲ့စာ ထွက်ပေါ်ပြီးနောက် စက်တင်ဘာ ၄ ရက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် MNDAA ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “ERO တွေသည် နဂိုကတည်းက သူတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ စစ်ရေးရည်မှန်းချက်၊ နယ်မြေဆိုင်ရာ မျှော်လင့်ချက်တွေ ရှိနေပြီးသား။ MNDAA ပဲဖြစ်ဖြစ် မြောက်ပိုင်း ၃ ဖွဲ့သည် ၂၀၁၅-၂၀ ပေါ့ဗျာ NLD အစိုးရ အာဏာရနေတဲ့ အချိန်မှာလည်း သူတို့သည် စစ်တပ်နဲ့ စစ်ပွဲတွေ ဖြစ်နေတာပဲ။ သူတို့ နိုင်ငံရေးရည်မှန်းချက်၊ စစ်ရေးရည်မှန်းချက်အတွက် လှုပ်ရှားနေကြတာပဲပေါ့။ နဂိုကတည်းက သူတို့မှာ တိကျတဲ့ စဉ်းစားချက်တွေ ရှိပြီးသား၊ စစ်အာဏာရှင်က ဘုံရန်သူ ဖြစ်သွားတယ်ဆိုတဲ့ ပုံစံမျိုး တဖက်က ရှိသွားပေမဲ့ တဖက်မှာလည်း သီးခြား စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ ရှိတယ်။ အကုန်လုံးရဲ့ ဘုံရန်သူက ခုချိန်ထိ စစ်တပ်ဖြစ်နေတယ်ဆိုတော့ သေချာတယ်ပေါ့။ သူတို့သည် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတာ မဟုတ်ဘူး။ စစ်ကောင်စီဆီမှာ သူတို့ရသင့်တဲ့ သူတို့မျှော်မှန်းတဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး၊ နယ်မြေဆိုင်ရာ ပိုင်စိုးမှုတွေအတွက် သူတို့ ဆက်တိုက်ပွဲဝင်သွားမှာပဲ။ ကျန်တဲ့ NUG နဲ့ မဟာမိတ်ဖြစ်ရေး ဘာရေးတို့ကတော့ အနာဂတ်ပြည်ထောင်စု စဉ်းစားတဲ့အခါမှာ စဉ်းစားရမယ့် နောက်ထပ် နိုင်ငံရေးအချိုးအကွေ့တခု ဖြစ်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ နားလည်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၃ အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြန်မာနိုင်ငံတွင်း စစ်ရေးချိန်ခွင်လျှာဟာ မြင်သာတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု များခဲ့တာပါ။

အဲဒီအခြေအနေမှာ တရုတ်အစိုးရက ကြားဝင်စေ့စပ်ပေးခဲ့တာကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှာ စစ်ကောင်စီနဲ့ ဟိုင်ဂင်သဘောတူညီချက် ရယူခဲ့ပြီး မြောက်ပိုင်း ၃ ဖွဲ့က ယာယီ အပစ်ရပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာ စစ်ကောင်စီက စည်းကမ်းဖောက်ပြီး တိုက်ခိုက်တာတွေ ရှိလာတာကြောင့် ဇွန်လ ၂၅ ရက်မှာ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက “ကျမတို့ပြည်သူတွေက အခုလောလောဆယ် တရုတ်လည်း မုန်းစရာမလိုဘူး၊ ကုလားလည်း မုန်းစရာမလိုဘူး၊ ထိုင်းလည်း မုန်းစရာမလိုဘူး၊ ကျမတို့အချင်းချင်းကြားမှာ ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီညီ ဆက်လုပ်သွားဖို့ပဲ။ ကျမတို့ကြားထဲမှာ သွေးစည်းညီညွတ်မှု ပျက်အောင် စစ်ကောင်စီကရော သူတို့လော်ဘီတွေကရော အစုံလုပ်နိုင်တယ်၊ အဲဒီမှာ ပါမသွားဖို့ပဲ။ ဟိုတလောက ဝမ်ယိ လာတာလည်း သူ အပြတ်ပြောပြီးသားပဲ။ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပျက်အောင်လုပ်မယ့် ကိစ္စတွေ ဘယ်ဟာမှ သူတို့ သည်းညည်းမခံဘူး ဆိုတာ။ ကျမတို့က ကိုယ့်ကိစ္စကိုယ်လုပ်ကြဖို့၊ ပြည်တွင်းကိုလည်း ကျမပြောချင်တာ ဒါပဲ” လို့ ပြောပါတယ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့နဲ့ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တွေကို နှိမ်နင်းဖို့အတွက် စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှာ ပူးတွဲကြေညာချက် စတင်ထုတ်ပြန်ခဲ့တာပါ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပိုင်းအတွင်းမှာ ရှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့အနီးအထိ ထိုးစစ်ဆင်နိုင်ခဲ့ပြီး တလအကြာ နိုဝင်ဘာ ၂၇ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ခေါ်မယ်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအထိ မြောက်ပိုင်းမဟာမိတ်တွေက တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်တွေ ဆက်လက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024