ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ လေဖိအားနည်း ရပ်ဝန်းတို့နဲ့ စပ်လျဉ်းပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန် ထားသလို မိုးလေဝသဖြစ်စဉ်တွေဟာ အချိန်နဲ့အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့အတွက် နေ့အလိုက် ခန့်မှန်းချက်တွေကို အထူးသတိထား စောင့်ကြည့်ပေးကြဖို့ နှိုးဆော်ထားပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီအချိန် ခန့်မှန်းချက်တွေအရ တောင်တရုတ်ပင်လယ်မှာ လာမယ့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်တွေကို ဆန်းစစ်လေ့လာမှုအရ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်ပင်လယ်တွင်း ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း Pulasan ဟာ စက်တင်ဘာ ၁၈ ရက် ဒီကနေ့ ညနေပိုင်းမှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း အနောက်တောင်ပိုင်းကို ဖြတ်ကျော်ပြီးတော့ အင်အားလျော့နည်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ အဆိုပါမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းအဆင့်မှာ ဆက်လက်တည်ရှိနေပြီး တောင်တရုတ် ပင်လယ်ကို ဖြတ်ကျော်ကာ စက်တင်ဘာ ၁၉ ရက်ညမှာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Zhejiang ပြည်နယ် ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိပြီး စက်တင်ဘာ ၂၁ ရက်မှာတော့ Anhui ပြည်နယ်တောင်ဘက်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းရရှိထားတယ်လို့ ဆိုပါတယ်။
အလားတူ တောင်တရုတ်ပင်လယ်အထက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဟာလည်း ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပြီး စက်တင်ဘာ ၁၉ ရက် ညမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး အဆိုပါ အပူပိုင်းမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံအတွင်း မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး လာအိုနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းကာ ထိုင်းနိုင်ငံအရှေ့ခြမ်းမှာ အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ဒါကြောင့်မို့ အကြံပြုချက်အနေနဲ့ အဆိုပါ အပူပိုင်းမုန်တိုင်းတွေရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်နဲ့ အရှေ့တောင်ပိုင်း ဒေသတွေဖြစ်တဲ့ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ မြေနိမ့်ဒေသတွေမှာ ရေလွှမ်းမိုးတာတွေ၊ မြေပြိုတာတွေ ဖြစ်ပွားနိုင်တာမို့ ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်လောက်က တောင်တရုတ်ပင်လယ်ကနေ စတင်ခဲ့တဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ စက်တင်ဘာ ၁၆ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုသဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူ ၂၂၆ ယောက် သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ယောက်နဲ့ ဒဏ်ရာရသူ ၁၄ ယောက် ရှိခဲ့တယ်လို့ ပြောပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုများနိုင်ပါတယ်။