သဘာဝဘေးဖြစ်လာချိန်မှာ သုံးစွဲဖို့ ရန်ပုံငွေအဖြစ်ထားရှိတဲ့ ကျပ်သိန်းထောင်ချီကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး တယောက်၊ ဒုဗိုလ်မှူးကြီး ၂ ယောက်၊ ဗိုလ်မှူး တယောက်နဲ့ ဗိုလ်ကြီး တယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ နတခတိုင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဒုဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဗိုလ်မှူးစိုးရန်နိုင်၊ ဗိုလ်ကြီး ထွန်းတေဇာကျော်တို့ကို စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာလို့ နတခတိုင်းစစ်ဌာနချုပ်နဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
“သဘာဝဘေးရန်ပုံငွေက သိန်း ၁၀၀၀ ကျော်ပဲရှိတယ်၊ ကျန်တာတွေက စက်သုံးဆီခွဲတမ်းကို ရောင်းစားတာတွေ၊ စားသုံးဆီကိစ္စ၊ စစ်မှုထမ်း ငွေကြေးကိစ္စတွေ ပုဒ်မ ၃ ခုနဲ့ ဖမ်းပြီး စစ်ကြောရေးပို့လိုက်တာ။”
နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးညွန့်ဦးနဲ့အဖွဲ့အား ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို တာဝန်ယူထားတဲ့ စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသက်ပုံက မင်္ဂလာဒုံ ထောက်ကြန့် ရေကြည်အိုင် စစ်ကြောရေးကို ပို့ဆောင်ဖို့ ညွန်ကြားခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“နတခမှာ စစ်ဆေးရင် သူ့လူတွေရှိတော့ ရကတတိုင်းမှာ ပြောင်းစစ်တာ၊ ၁၇ ရက်က စစ်ကြောရေးကို ရောက်တယ်၊ အဂတိပုဒ်မတွေ တပ်ဥပဒေတွေနဲ့ စစ်နေတာ။”
ဖမ်းဆီးခံရတဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကိုတော့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ခေတ္တထားရှိပြီး ပိုင်ဆိုင်မှုနဲ့ တပ်နဲ့ ပတ်သက်တာအကုန် သိမ်းဆည်းထားတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။
တိုက်ပွဲမရှိသလောက် နည်းပါးတဲ့ ဧရာဝတီတိုင်းမှာ လာဘ်စားတဲ့ စစ်ကောင်စီတပ်က အရာရှိကြီးတွေ များပြားပြီး အာဏာသိမ်းပြီးနောက် အရေးယူဖမ်းဆီးတာ ပထမဆုံးဖြစ်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။