မာလီနိုင်ငံ မြို့တော် ဘာမာကိုမှာ စက်တင်ဘာ ၁၇ ရက် မနက်က လက်နက်ကိုင် သောင်းကျန်းသူတွေဟာ ဖာလာဒေး ရဲလေ့ကျင့်ရေးစင်တာကို တိုက်ခိုက်ခဲ့ပေမဲ့ အခုတော့ အခြေအနေကို ထိန်းထားနိုင်ပြီလို့ နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၇ မနက်အစောပိုင်း ဂရင်းနစ်စံတော်ချိန် ၅ နာရီ ၃၀ ဝန်းကျင်လောက် ဘာနန်ကာဘိုဂိုရပ်ကွက်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မနက်ခင်း ဝတ်ပြုဆုတောင်းဖို့ ဗလီကိုသွားနေတဲ့ လူတွေဟာ သေနတ်သံတွေကို ကြားလိုက်ရတော့ နောက်ကြောင်းပြန်လှည့်သွားခဲ့ကြပါတယ်။
မြို့ခံတချို့က လေဆိပ်ဘက်မှာ လာတယ်လို့ ဆိုကြပြီး တချို့ကတော့ ရဲသင်တန်းကျောင်းဘက်က လာတယ်လို့ ဆိုကြပါတယ်။
လုံခြုံရေး သတင်းရင်းမြစ်တခုကတော့ မိုဒီဘိုကေးတာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နီးတဲ့နေရာတွေ အပါအဝင် ရပ်ကွက်အများအပြားမှာ သေနတ်သံတွေ ကြားခဲ့ရကြောင်း ပြောပါတယ်။
ရုပ်မြင်သံကြားသတင်း ထုတ်လွှင့်ချက်မှာတော့ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို နေရာအနှံ့အပြားမှာ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အခြေအနေကို ထိန်းချုပ်ထားပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
သေနတ်သံကြားတဲ့ နေရာတွေကို ရှောင်သွားကြဖို့နဲ့ တရားဝင် သတင်းအချက်အလက်တွေကို နားစွင့်နေကြဖို့လည်း ရုပ်သံသတင်းမှာ ဖတ်ကြားသွားပါတယ်။
Source-Reuters