Home
အားကစား
လီဗာပူးနှင့် ရီးရဲလ်အပါအဝင် အသင်းကြီးများ ဂိုးပြတ်နိုင်ပွဲဖြင့် အဖွင့်လှခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်များ
DVB
·
September 18, 2024
photo-Reuters

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေကို မနေ့ညက စတင်ယှဉ်ပြိုင်ရာ လီဗာပူး၊ ရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်အပါအဝင် အသင်းကြီးတွေအားလုံး ဂိုးပြတ်နိုင်ပွဲတွေနဲ့ အဖွင့်လှပခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့အထဲ ထိပ်သီးအသင်းအချင်းချင်း တွေ့ဆုံတဲ့ အေစီမီလန်နဲ့ လီဗာပူးပွဲစဉ်မှာ လီဗာပူးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အိမ်ရှင် အေစီမီလန်အသင်းက ပွဲအစ ၃ မိနစ်မှာ ပူလီဆစ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့လည်း လီဗာပူး က ပွဲချိန် ၂၃ မိနစ်မှာ ကိုနာတေး၊ ၄၁ မိနစ်မှာ ဗန်ဒိုက်နဲ့ ၆၇ မိနစ်မှာ ဇိုဘော့စလိုင်းတို့က အသီးသီး ဂိုးတွေ သွင်းယူပြီး နိုင်ပွဲရခဲ့တာပါ။

နည်းပြသစ် ကွန်ပနီနဲ့ နိုင်ပွဲဆက်နေတဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကလည်း ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ကို အိမ်ကွင်းမှာ ၉ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် တိုက်စစ်မှူး ဟယ်ရီကိန်း တယောက်တည်းက ၄ ဂိုးသွင်းခဲ့ပြီး အိုလီဆေးက ၂ ဂိုး၊ ဂွါရဲယိုး၊ ဆာနေးနဲ့ ဂိုရက်ဇ်ကာတို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။

စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကလည်း အိမ်ကွင်းမှာ ဂျာမန်ကလပ် စတုဂတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ရီးရဲလ်အတွက် ဂိုးတွေကို အမ်ဘာပေ၊ ရူဒီဂါနဲ့ အန်းဒရစ်တို့က သွင်းယူပေးခဲ့ပြီး စတုဂတ်အတွက် ချေပဂိုးတဂိုးကိုတော့ အန်ဒတ်ဗ်က သွင်းယူပေးခဲ့ပါတယ်။

အီတလီထိပ်သီး ဂျူဗင်တပ်ကလည်း အိမ်ကွင်းမှာ နယ်သာလန်ကလပ် ပီအက်စ်ဗွီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။

ကျန်ပွဲစဉ်တွေမှာတော့ အင်္ဂလန်ကလပ် အက်စ်တွန်ဗီလာက ဆွစ်ကလပ် ယန်းဘွိုင်းစ်ကို ၃ ဂိုး ဂိုးမရှိ၊ ပေါ်တူဂီကလပ် စပို့တင်းက ပြင်သစ်ကလပ် လိုင်လီကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရ သွားပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေကို ဒီနေ့ညမှာလည်း ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘိုလော့နာနဲ့ ရှက်တာဒိုးနက်၊ စပါတာပရပ်ဂ်နဲ့ ဆာလ်ဇ်ဘာ့ဂ်၊ ဆဲလ်တစ်နဲ့ ဆလိုဗန်၊ ကလပ်ဘရုဂေးနဲ့ ဒေါ့မွန်၊ မန်စီးတီးနဲ့ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ဂျီရိုနာတို့ အသီးသီး တွေ့ဆုံနေပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013