ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံ့စစ်တပ်ရဲ့ တပ်ဖွဲ့ဝင် အရေအတွက်ကို ၁၈၀,၀၀၀ အထိ ထပ်တိုးဖို့ အမိန့်ပေးလိုက်တာကြောင့် စုစုပေါင်း ၁ သန်းခွဲအထိ ရှိလာတော့မှာ ဖြစ်ပါတယ်။
အဲဒီအမိန့်ထုတ်ပြန်ချက်အရ ရုရုားစစ်တပ်ဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ဒုတိယ အင်အားအကြီးဆုံး ဖြစ်လာဖို့ရှိပါတယ်။
လာမယ့် ဒီဇင်ဘာ ၁ ရက်ကစပြီး အမိန့် စတင်အသက်ဝင်မှာဖြစ်ကာ စစ်တပ်တခုလုံး ပေါင်းရင် အရေအတွက်အားဖြင့် ၂ ဒသမ ၃၈ သန်းအထိကို တိုးလာမှာဖြစ်ကြောင်း အစိုးရပိုင် တရားဝင် ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားပါတယ်။
မဟာဗျူဟာမြောက် လေ့လာမှုဆိုင်ရာ နိုင်ငံတကာအင်စတီကျု (IISS) ကလည်း ရုရှားအတွက် အသင့်ရှိနေတဲ့ တိုက်ခိုက်ရေးတပ်သားဦးရေဟာ အမေရိကန်နဲ့ အိန္ဒိယထက် ပိုပြီးများလာလိမ့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည်မှာတော့ စစ်မှုထမ်းဦးရေပေါင်း ၂ သန်းကျော်ရှိတယ်လို့ IISS ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလမှာ ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှု စတင်ခဲ့ပြီးနောက် ပူတင်က စစ်တပ်ကိုတိုးချဲ့ဖို့ ၃ ကြိမ်မြောက် အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ရုရှားပိုင် ကာ့စ်ခ်ဒေသမှာ ကိယက်ဗ်တပ်တွေကို တိုက်ထုတ်နိုင်ဖို့နဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ရှေ့တိုးသိမ်းပိုက်နိုင်ဖို့ မော်စကိုတပ်တွေက ကြိုးပမ်းနေရချိန်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့ဝင် အရေအတွက်ကို ၇ သိန်းနီးပါး ရှိတယ်ဆိုပြီး ပူတင်က ပြီးခဲ့တဲ့ဇွန်လမှာ ပြောခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်း ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဆင်နဲ့ ရင်ဆိုင်လာရချိန်မှာတော့ ရုရှားက အရန်တပ်သား ၃ သိန်းကို ဆင့်ခေါ်ခဲ့ရသလို အလွန်မြင့်မားတဲ့ လစာငွေနဲ့ ကြေးစားစစ်သား စုဆောင်းရတာမျိုးလည်း ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်တုန်းက စစ်မှုမထမ်းလိုတဲ့အတွက် လူသိန်းနဲ့ချီ ပြည်ပထွက်ခွာသွားတာမျိုး ထပ်ဖြစ်လာနိုင်တာကြောင့် လူသစ်စုဆောင်းဖို့ကို ကရင်မလင်နန်းတော်အနေနဲ့ တွန့်ဆုတ်နေခဲ့တာပါ။
ရုရှားလူဦးရေဟာ ယူကရိန်းထက် ၃ ဆကျော် ပိုမိုများပြားပေမဲ့လည်း မော်စကိုက ကိယက်ဗ် တပ်ဖွဲ့တွေလိုမျိုး ကြီးမားတဲ့ဆုံးရှုံးမှုတွေကို စစ်မြေပြင်မှာ ကြုံနေရတာ ဖြစ်ပါတယ်။
Source-Reuters