Home
မေးမြန်းခန်း
“ခေါင်းဆောင်မှု အကျင့်ပျက်ရင် တော်လှန်ရေးက မျောသွားမယ်” - ပဒိုစောသမိန်ထွန်း
နော်နိုရင်း
·
September 16, 2024

တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တရုတ်က ဖိအားပေးနေမှု၊ ကရင့်တော်လှန်ရေးနဲ့ မြို့သိမ်းတိုက်ပွဲ၊ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ အလားအလာ စတာတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အမြဲတမ်းကော်မတီဝင် ဝါရင့် ကရင်နိုင်ငံရေးသမားကြီး ပဒိုစောသမိန်ထွန်းကို DVB သတင်းဌာနမှ နော်နိုရင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ 

မေး - အခုလက်ရှိ မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ တဖက်မှာလည်း မြောက်ပိုင်းတိုက်ပွဲမှာ တရုတ်က ဖိအားပေးတဲ့သဘောမျိုး ရှိတယ်ဆိုတော့ ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ထားလဲ။

ဖြေ - “ဒါကတော့ ရိုးရိုးလေးပါပဲ၊ တရုတ်ကတော့ အမေရိကန်နဲ့ ညှိနှိုင်းထားပြီးသား။ ဗမာပြည်ကိစ္စမှာ တရုတ်ပဲတာဝန်ယူဖို့။ အဲတော့ ပြောရမယ်ဆိုရင် တရုတ် ဒီကနေ့ ပြောတဲ့ကိစ္စတွေက လူတွေကသာ အမျိုးမျိုးထင်ကြေးပေး ပုတ်ခတ်ပြောဆိုတာရှိတယ်။ တရုတ်အလံကို မီးရှို့တာရှိတယ်။ တကယ်တမ်းတော့ နယ်စပ်နဲ့ တရုတ်စီးပွားရေး မထိခိုက်ရင် ဘာမှမဖြစ်ဘူး။ အဲလိုမထိခိုက်အောင်လုပ်ပြီးမှ သူ့ရဲ့စီးပွားရေးကိုတောင် ကိုယ်က ကာကွယ်ပေးမယ်ဆိုရင် သူ့အတွက် ပိုပြီးတောင် အကျိုးရှိတယ်။ အဲလိုပုံစံနဲ့ လုပ်သွားတယ်ဆိုရင် ဖြစ်ပါတယ်။ တိုက်တာခိုက်တာကတော့ တိုက်ကြမှာပဲလေ။ ဒါကတော့ ဒီကနေ့ ဗမာပြည်တပြည်လုံးရဲ့ နွေဦးတော်လှန်ရေးကိုး။ ဒါဝိုင်းလုပ်ကြရမှာပေါ့။ အဲတော့ တို့ KNU တောင်မှ ကြည့်ပါလား။ လောလောဆယ်မှာ အခြေအနေ အရပ်ရပ်ကြောင့် အသံတိတ်နေတာတောင်မှ ပုတ်ခတ်ပြောဆိုတာတွေ ရှိနေတာပဲ။ ဒါပေမဲ့ KNU လည်း အိပ်မနေပါဘူး။ လုပ်နေမှာပဲ။ ဘာကြောင့် ဒီလိုလုပ်နေရတဲ့ကိစ္စကတော့ ထုတ်မပြောချင်သေးလို့၊ ဒါကလည်း တစုံတရာ လျှို့ဝှက်ထားမှဖြစ်မယ်။ ဒါပေမဲ့ KNU အတွင်းမှာ အကုန်လုံး စည်းလုံးညီညွတ်မှုရှိတယ်။ အစီအစဉ်တွေ အကုန်လုံးဆွဲထားပြီးသား။ အခု AA ကလည်း သူ့ပြည်နယ်မှာ သူတိုက်ခိုက်တယ်။ ပြည်နယ်မက အပေါ်ကိုတောင် တက်နိုင်တယ်။ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသား EAOs တွေက နယ်မြေချင်းထိစပ်နေတဲ့ နေရာမှာတော့ ပြဿနာလေးတွေ ရှိကြမှာပဲ။ ဒါက ဖြေရှင်းလို့ ရပါတယ်။ ဘာမှမဖြစ်ဘူး။ ဟိုဘက်က တအာင်းကလည်း တိုက်တာပဲ။ ကိုးကန့်ကလည်း တိုက်တာပဲ။ အဲတော့ ဒါတွေက သူ့နေရာနဲ့သူ အကုန်လုံးတိုက်သွားမယ်ဆိုရင် ရပါတယ်။ တဦးနဲ့တဦး ဆက်စပ်ပြီးမှ စီမံကိန်းတွေရှိတယ်။ ဒီတောင်ပိုင်းမှာလည်း ဖြစ်လာမှာပါ။ သူ့အချိန်တန်ရင် သူ့ဘာသူဖြစ်လာမယ်။ အဲဒါ ဘာမှ ဒီကနေ့ တရုတ်ရဲ့ ထုတ်ပြန်ကြေညာချက်ကို ဘာတခုမှ စိုးရိမ်စရာမလိုဘူး။”

မေး - တရုတ်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာ အထူးသဖြင့် နယ်စပ်ဂိတ်တော်များများဟာ တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နေရာဘက်မှာ ရှိနေတယ်ပေါ့နော်။ အခု အဲဒီ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကလည်း ပိတ်ထားတယ်။ ဒီလိုပိတ်ထားလိုက်ရင် ဒီဘက်ကပြည်သူ ဘယ်လောက်ထိခိုက်လာနိုင်လဲ။ ဒီလိုဖြစ်လာရင် ဒီတော်လှန်ရေးက အားနည်းသွားနိုင်လား။

ဖြေ - “အားမနည်းနိုင်ဘူးလို့ တွက်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ သူတို့ တရုတ်ပြည်က ပိတ်ထားတယ် ဆိုတာကလည်း အကြောင်းရှိလို့၊ ဒါပေမဲ့ ခိုးကြောင်ခိုးဝှက် လုပ်တဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒါတွေကျတော့လည်း ဘယ်သူမှ ထုတ်မပြောဘဲဟာ။ ကားကြီးတွေနဲ့ ဝင်တာထွက်တာ ဒီလောက်ပဲ ပိတ်ထားတာကိုး။ တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒါကတော့ နွေဦးတော်လှန်ရေးကြီးကိုတော့ ထိခိုက်မယ်လို့ မထင်ဘူး။ အချိန်တန်ရင် ဖြစ်လာမှာပါ။ တို့ ဒီဘက်မှာလည်း ကြည့်ပါ၊ ဒီ မြဝတီတို့ ဘာတို့၊ ခက်ခက်ခဲခဲပဲ။ ဒါပေမဲ့ အစီအစဉ်ရှိတယ်။ ဒါတွေက အချိန်တန်ရင် ပေါ်လာမှာပါ။ ဒါပေမဲ့ အခုလောလောဆယ် အခိုက်အတန့်မှာတော့ ထင်ကြတာပေါ့ အမျိုးမျိုး။ EAO လက်နက်ကိုင် တော်လှန်ရေးသမားတွေကလည်း သူတို့အစီစဉ်ရှိပါတယ်။ တရုတ်ပြည်ကလည်း သူ့ရဲ့အစီအစဉ် ရှိပါတယ်။ ဒါတွေက တနေ့ကျရင် ပွင့်သွားမယ်လို့ ယုံကြည်ပါတယ်။”

မေး - မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်ပြီးတော့ မြို့တွေကို တမြို့ပြီးတမြို့ သိမ်းတယ်။ ဒါပေမဲ့ ဒီတောင်ပိုင်းမှာဆိုရင် မြို့တွေတောင် တမြို့မှ မသိမ်းနိုင်ဘူးဆိုပြီး အဲလိုတွေ ပြောနေကြတယ်။ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ - “အဲဒါဆိုရင် ကျနော်တို့က ဆွန်ဇူးရဲ့ စစ်ရေးကျမ်းကို ပြန်ကြည့်ရအောင်နော်။ လုံးဝ သေနတ်သံ မဖောက်ဘဲနဲ့ မြို့တမြို့ကို သိမ်းနိုင်ရင်ဆိုရင် အဆင့်အမြင့်ဆုံးတပ်မှူးပဲ။ အဲတော့ တို့က အဲလိုလုပ်ထားတာတွေ ရှိတယ်။ ဒါပေမဲ့ ထုတ်မပြောဘူး။ တို့ အကုန်လုံး အုပ်ချုပ်နေတာပဲ။ ဒါမျိုးတွေရှိတယ်။ ဒါပေမဲ့ တို့မှာ ထူးခြားလာတာက ကချင်တို့ ချင်းတို့ ရခိုင်တို့ ကိုးကန့်တို့နဲ့ မတူတာက တို့ထဲ KNU မှာက သင်းကွဲတွေရှိတယ်။ အထူးသဖြင့် BGF ပေါ့။ BGF က သူတို့လည်း သူတို့နည်းသူတို့ဟန်နဲ့ လုပ်တာပဲ။ ဒါပေမဲ့ စစ်ကောင်စီက လုပ်လာရင် သူတို့က အဲဒီဘက်ကို ပါရပြန်ရော။ အဲတော့ သူ့မှာ အခက်အခဲရှိတယ်။ သူဘာလုပ်နေတယ် ဆိုတာလည်း ဒီမှာ ထုတ်မပြောချင်ဘူး။ အဲတော့ အဲဒီအခက်အခဲလေးတွေ အပေါ်မှာပဲ တချို့ဟာတွေက ထိန်းသိမ်းနေရတာ။”

“နောက်ပြောရရင်တော့ ဘတ်ဂျက်ပေါ့။ အခုက နွေဦးတော်လှန်ရေးအတွက် အလှူခံလိုက်ရင် NUG ဆီပဲ သွားတာပဲ။ တို့ ကရင်အမျိုးသမီးတွေ အလှူခံတဲ့လူတွေတောင်မှ တို့ကိုမပေးဘူး။ ဟိုးအပြင်ကို လိုက်ပေးတာ။ အဲတော့ တို့မှာ တောနော်ကမ်ပိန်းတို့၊ သောသီခိုကမ်ပိန်း တို့ကလည်း တို့လိုချင်သလောက် မရဘူး။ အဲတော့ ဒီဘတ်ဂျက်အနေအထားအပေါ်မှာ တို့ရဲ့ လှုပ်ရှားမှုတွေက ပြောရင်မယ်ဆိုရင် တို့ကိုယ်တိုင်က သေနတ်တွေ မထုတ်လုပ်နိုင်သေးဘူး။ ကျည်ဆန်ဆိုတော့ကလည်း မလုံလောက်ဘူးပေါ့။ အဲတော့ တိုက်ပွဲကြီးတပွဲတပွဲဆိုရင် ကျည်ဆန်က သိန်းနဲ့ချီပြီး စကားပြောတာကို။ အဲလောက်ထိ မရသေးတဲ့ အခါကျတော့ ဒီအခြေအနေပေါ်မှာ စုဆောင်းနေတုန်း ဒါပဲ။”

မေး - နောက်တခုက KNU ဆိုရင် စပြီးတော်လှန်ခဲ့ကတည်းကနေ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီပေါ့နော်။ အခု နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်မှု စဖြစ်လာတဲ့အခါမှာ အခု စစ်အာဏာရှင်ကျဆုံးဖို့ကော နီးနေပြီလား။

ဖြေ - “စစ်အာဏာရှင် ကျဆုံးဖို့ဆိုတာ နီးတာ မနီးတာက တို့ရဲ့ဆောင်ရွက်မှုအပေါ်မှာ မူတည်တယ်။ တခါတလေ ကျတော့ ရတော့မယ်၊ ရတော့မယ်နဲ့ လျှောက်ပြောပြီးမှ မရဘူး။ တို့က အနှစ် ၇၀ ကျော်တိုက်လာတာ ဘာကြောင့်မအောင်လဲ ဆိုတဲ့ဟာ ဒီလိုရှိတယ်။ တခါက ပညာရှင်တယောက် ပြောဖူးတယ်၊ ကိုယ်က ကြိုးစားနေ‌ေပမဲ့ အခြေအနေက မပေးအပ်ရင် မရဘူး။ အခြေအနေ ပေးအပ်လာပြီဆိုရင် ကိုယ်မကြိုးစားရင် မရဘူး။ အဲတော့ တောက်လျှောက်က တော်လှန်ရေးအောင်ပွဲဆင်နိုင်အောင် မလုပ်နိုင်ပေမဲ့ တို့ရဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးတွေ စနစ်ကျအောင် လုပ်တယ်။ ပေါ်လစီတွေ လမ်းစဉ်တွေကို စနစ်ကျအောင် လုပ်တယ်။ လူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းကြား စည်းကမ်းနားလည်မှုရှိအောင် အကုန်လုံးက အပိုးသေနေပြီ။ အဲလိုမျိုးဖြစ်တာကို။”

“အဲတော့ ဒီမှာ ဆက်ပြီး နည်းနည်းပြောလိုက်မယ်။ တို့တော်လှန်ရေးလုပ်တုန်းက ဗမာ့တပ်မတော်ဟာ ဒေါင်ဒေါင်မြည် တပ်မတော်၊ တကယ့် well train တွေ။ အဲဒီတုန်းက ဖဆပလ အစိုးရနဲ့ တပ်မတော်နဲ့ ပေါင်းလိုက်တဲ့အခါကျတော့ နိုင်ငံရေး စစ်ရေးက အားသာပြီးတော့ သူက ပြင်ပအားယူပြီးတော့ တို့ကိုပြန်ချတာ။ တို့တွေမှာက ဘာမှမရှိတဲ့အခါကျတော့ ကျည်ဆန်ကုန်ရင် ထွက်ပဲ။ ဒါပဲရှိတယ်။ ဒီလိုနည်းနဲ့ တို့က နောက်ဆုတ်လိုက်ရတာ။ တခြား ဘာမှမဟုတ်ဘူး။ စစ်မတိုက်ရဲတာလည်း မဟုတ်ဘူး။”

“အခု နွေဦးတော်လှန်ရေးမှာက ရန်သူတွေ အင်မတန် စိတ်ဓာတ်ညံ့ဖျင်းတယ်။ ရှစ်လေးလုံးက အဓိကနော်။ ရှစ်လေးလုံးနောက်ပိုင်းမှာ ပြည်သူလူထုက စစ်ထဲမဝင်တော့ဘူး။ အခု ဗိုလ်သင်တန်းတွေ လုပ်တယ်ဆိုတာ ရှစ်လေးလုံးကာလက တက္ကသိုလ်တွေ ပိတ်ထားလို့ ကြာရင် တခုခုဖြစ်မှာစိုးလို့ ဗိုလ်သင်တန်းကို ဝင်တာ။ အဲတော့ ဗိုလ်တွေက များနေတယ်။ စစ်သားက နည်းနေတယ်။ ဒါကြောင့်မို့ ကြားဖူးမှာပေါ့။ ဘူတာရုံတွေမှာ လိုက်ဖမ်းတာတို့ အပြစ်ရှိတဲ့သူတွေကို ထောင်ကျခံမလား၊ တပ်ထဲဝင်မလား ဆိုတာတို့ ဒီနည်းနဲ့လုပ်တာ။ အဲတော့ သူတို့စိတ်ဓာတ်တွေက အဲဒီကတည်းက မကောင်းတော့ဘူး။ ရှစ်လေးလုံးမတိုင်ခင် စစ်သားတွေကလည်း အငြိမ်းစားယူကုန်ပြီ။”

“နောက်တခုက စစ်သားဟာ စစ်သားအလုပ်ကိုပဲ လုပ်ရင်ကောင်းတယ်။ အခု စစ်သားတွေက စီးပွားရေးအလုပ်တွေလည်းလုပ်၊ တခြားအလုပ်တွေလည်း လုပ်တဲ့အခါကျတော့ ဘာဖြစ်လာလဲ ဆိုရင် လာဘ်စားတာတွေ ဖြစ်လာတယ်။ စစ်တိုက်ချင်စိတ်က ကျဆင်းသွားတယ်။ ငွေရပေါက်ကိုပဲ တွက်ကြတယ်။ အဲဒါလည်းပါတယ်။ နောက်တခုက စစ်ကောင်စီလက်ထက်မှာ လခပေးတာက ဗမာပြည် ငွေကြေးတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ စစ်ဗိုလ်တယောက်က အခြေအနေတွေနဲ့ ကိုက်ညီအောင် သူ့မှာ ဝင်ငွေမရှိဘူး။ တလကို ကျပ် ၂ သိန်းရတဲ့ ဗိုလ်မှူးတယောက်က ဘယ်လိုသွားလုပ်မလဲ။ လာဘ်စားတာပေါ့။ လာဘ်စားမှုတွေ ပေါင်းလာတဲ့အခါကျတော့ ခုလို တိုက်ပွဲဖြစ်လာတဲ့အခါမှာ စိတ်ဓာတ်ရေးရာလည်း ကျဆင်း၊ စီးပွားရေးဘက်ပဲ မက်မောပြီး စစ်ရေးဘက်ကို ပြန်ပြီး ဦးတည်တဲ့အခါမှာလည်း အရင်ကလို မဖြစ်မြောက်ဘူး၊ ဒါနဲ့ပဲ အကျအဆုံးတွေ များလာတယ်။”

“တခုရှိတာက သူ့မှာ ကျည်ဆန်ထုတ်လုပ်မှု အားကြီးများတာ။ အဲဒါတော့ သူတို့ရဲ့ ပေါင် ၅၀၀၊ ပေါင် ၁၀၀၀ ဗုံးတို့ သူတို့လုပ်တာ၊ နိုင်ငံခြားက ဝယ်ရတာမဟုတ်ဘူး။ အရေးကြီးတာက လေယာဉ်ပျံပဲ။ အဲဒါတွေ ဝယ်ရတာ။ လေယာဉ်ပျံတွေကလည်း ဝယ်ရတော့ အခုလို ဆီတွေ ပြဿနာတက်လာတဲ့အခါကျတော့ ဗုံးချချင်ပေမဲ့ ချချင်တိုင်း ချမရဘူး။ ဘာကြောင့်လဲဆိုတော့ ဆီကို ကြည့်ရသေးတာကိုး။ အခု ရုရှားက ဝယ်တဲ့ MiG တိုက်လေယာဉ်ကြီးတွေကျတော့ ဆီတအားစားတာ။ မြန်တယ်။ သူ့ကိုတော့ တော်ရုံတန်ရုံ ဒုံးကျည်နဲ့ ပစ်လို့မရဘူး။ ဆီအားကြီးစားတော့ ရေရှည်မှာ မရတော့ဘူး။ နောက်ပြီး MiG ကြီးတွေကို မောင်းနိုင်တဲ့ လေယာဉ်မှူးတွေကလည်း သိပ်များများမရှိဘူး။ တချို့ကလည်း သေကုန်ပြီ။ ဒီလေယာဉ်ပျံကြီးတွေကို မောင်းဖို့ Pilot မရှိဘူး။ အဲဒီလေယာဉ်ကြီးတွေကို မလုပ်နိုင်တော့ သမားရိုးကျ ဂျက်လေယာဉ်ပျံလေးတွေ၊ ဟယ်လီကော်ပတာတွေ၊ ရိုးရိုးလေယာဉ်ပျံတွေ အဲဒီလိုမျိုးတွေပဲ သုံးကြတယ်။ သူတို့မှာလည်း နှစ်ပေါင်းကြာလာတော့ စက်က ပျက်လာတယ်။ စက်ကပျက်တာနဲ့ သူ့မှာ သူလုပ်ချင်သလို လုပ်လို့မရဘူးလေ။ မရတဲ့အခါကျတော့ နွေဦးတော်လှန်ရေးက လေယာဉ်ဗုံးကြဲတာ အကြိမ်ပေါင်းများစွာ ခံရတော့ ဘယ်လိုပြောင်းရမယ်၊ ဘယ်လိုရွှေ့ရမယ်၊ ဘယ်လိုရှောင်ရမယ် ဆိုတာ နားလည်နေပြီ။ အဲဒီအပေါ်မှာ သူတို့က တဖြည်းဖြည်း ကျဆင်းလာတာ။”

“နွေဦးတော်လှန်ရေးကလည်း အင်အားက ကြီးသထက် ကြီးလာတယ်။ ဒါကြောင့် အရေးကြီးတာက စစ်ကောင်စီဘက်ပဲဖြစ်ဖြစ်၊ တို့ဘက်ပဲဖြစ်ဖြစ် အရေးကြီးတာ ထောက်ပို့ပဲ။ ထောက်ပို့ရပ်သွားရင် ရပ်သွားတဲ့အဖွဲ့က သွားပဲ၊ ဆက်မလုပ်နိုင်တော့ဘူး။ သေနတ်က တုတ်ဖြစ်သွားမယ်။ ဒါကြောင့်မို့ သူကလည်း ထောက်ပို့တွေကို ရအောင် စစ်ကောင်စီက အမျိုးမျိုး ဥပဒေတွေပြဋ္ဌာန်းပြီး လုပ်နေတာ။ တို့ဘက်ကလည်း ထောက်ပို့တွေ များများရအောင် အလှူခံမှုတွေ များများလုပ်ကြတယ်။ အဲဒါတွေက တယောက်နဲ့တယောက် မကျေနပ်ကြတော့ ခွက်ခေါက်တာတို့၊ ဘာတို့ ရှုပ်ပွေလိမ်နေတာ။ ဒါတွေကို ဘာမှပြောလို့မရဘူး။ အရေးကြီးတာက ရန်သူရဲ့စိတ်ဓာတ်က ကျနေပြီ။ အဲဒီ စိတ်ဓာတ်ကျတာကို တို့က ဘယ်လိုအားနဲ့ တိုက်မလဲ။ တို့မှာလည်း ထောက်ပို့က တောင့်မှ တိုက်လို့ရမှာ။ ထောက်ပို့မတောင့်ရင် တိုက်လို့မရဘူး။ ဒီအခက်အခဲတွေပဲ။ အဲဒီတော့ မြန်မလား၊ နှေးမလား ဆိုတာက တော်လှန်တဲ့ နွေဦးတော်လှန်ရေး PDF ကလေးတွေဖြစ်ဖြစ်၊ EAOs တွေဖြစ်ဖြစ် စိတ်ဓာတ်တက်ကြွတယ်။ တိုက်ရည်ခိုက်ရည်လည်း ရှိတယ်။ ဟိုဘက်ကကျတော့ စိတ်ဓာတ်တွေက ကျဆင်းနေတယ်။ အခုက ထောက်ပို့အားနဲ့ နင်းကန် လေယာဉ်နဲ့ အားယူနေရတာ။ ဒါပေမဲ့ လေယာဉ်နဲ့ ကြာလာရင် မတတ်နိုင်ပါဘူး။ ဒါကြောင့်မို့ ဒါက မြန်မလား၊ နှေးမလားကတော့ ဒီအခြေအနေပေါ်မှာ ကြည့်ပြီးမှပဲ တို့က ဆုံးဖြတ်ရမယ်။ ဒါပေမဲ့ တော်လှန်ရေးကို ခေါင်းဆောင်တဲ့ အင်အားစုတွေကလည်း နည်းမှန်လမ်းမှန် ခေါင်းဆောင်နိုင်မှ။ နည်းမှန်လမ်းမှန် မဟုတ်ဘဲ ခေါင်းဆောင်ရင်တော့ တော်လှန်ရေးက အောင်မြင်သင့် အောင်မြင်ထိုက်ပေမဲ့ မအောင်မြင်ဘဲ ဖြစ်သွားနိုင်တယ်။ တဖက်က မင်းအောင်လှိုင်တို့ကလည်း အရှုံးတွေ ဘယ်လောက်ပဲများများ သူတို့မှာလည်း သူတို့ နည်းဗျူဟာ ရှိမှာပေါ့။ အဲဒီနည်းဗျူဟာတွေနဲ့ ထောက်ပံ့ကူညီမှု ရှိတဲ့သူတွေ ပေါင်းစပ်လိုက်ရင် သူကလည်း ပြန်အနိုင်ရရင် ရနိုင်တယ်။ ဒါပေမဲ့ အဲဒါက ရာခိုင်နှုန်း နည်းပါတယ်။ တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးအောင်မြင်ဖို့ ရာခိုင်နှုန်းများတယ်။ ဒါကြောင့်မို့ တပ်ပေါင်းစုလုပ်ငန်းကိုလည်း မှန်မှန်ကန်ကန် နားလည်ရမယ်။ ခေါင်းဆောင်မှုကလည်း အကျင့်ပျက်တွေမဖြစ်ဖို့ အရေးကြီးတယ်။ ခေါင်းဆောင်မှု အကျင့်ပျက်ရင် တော်လှန်ရေးက မျောသွားမယ်။ ပြည်သူလူထု နစ်နာမယ်။ တိုင်းပြည်နစ်နာမယ်။ တော်လှန်ရေးသမားတွေက ဟိုရှောင် ဒီရှောင်နဲ့ စားနိုင်သေးတယ်။ လူထုက ငတ်နေပြီ အခုက။”

မေး - စစ်ကောင်စီက သူ့ရဲ့အင်အားက အရမ်းကိုကျသွားပြီ။ ဒါပေမဲ့ ဗုံးတွေ အရမ်းအသုံးပြုလာတယ်။ တော်လှန်ရေးဘက်ကိုလည်း ကျသလို ပြည်သူတွေလည်း အများကြီး ထိခိုက်သေဆုံးရတယ်။ ဒီလိုအခြအနေတွေနဲ့ပတ်သက်ပြီး ဒီလိုလုပ်ရပ်တွေကို ဘာပြောချင်သလဲ။

ဖြေ - “ဒီလုပ်ရပ်ကတော့ တော်လှန်ရေးဆိုတာက လူထုကို မှီခိုပြီး လုပ်ရတာ။ ဒါကြောင့် တချို့ပြောကြတာ ရေနဲ့ ငါးပမာ။ ပြည်သူလူထုက ရေ၊ ငါးကတော့ တော်လှန်ရေးသမားပေါ့။ ငါးက ရေရှိမှ နေနိုင်မယ်။ ပြည်သူလူထုရှိမှ တော်လှန်ရေးက ရှိမှာ။ အဲဒီတော့ သူတို့က တော်လှန်ရေးသမားတွေကို အမြစ်ဖြတ်ဖို့ဆိုရင် ပြည်သူလူထုကို နှိပ်စက်တယ်။ သေအောင် လုပ်တယ်။ ပျက်အောင် လုပ်တယ်။ အဲဒါဆိုရင် လူထုက ပြည်တွင်းစစ်ကို စိတ်ပျက်လာပြီ ဆိုရင် ဒီဘက်ကို မကူညီဘဲနေမှာ။ ဒီလိုအတွေးအမြင်နဲ့ သူတို့လုပ်တာ။ ဒါပေမဲ့ ဒီကနေ့ အထိက ပြည်သူလူထုက သေလေ၊ စိတ်ဓာတ်က ပြင်းထန်လေ၊ တော်လှန်ရေးအင်အားစုကို ကူလေ ဆိုတဲ့ အနေအထား ရှိလာတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အရေးကြီးတဲ့သဘော။ စိတ်ဓာတ်ပိုင်းဆိုင်ရာက မကောင်းဘူးရင် ဘယ်လောက်ပဲ လက်နက်အင်အားကြီးကြီး၊ မရဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာက ကောင်းရင်၊ ခု စစ်ကိုင်းတို့ ဘာတို့ ကြည့်ပေါ့၊ တူမီးသေနတ်ကနေ စလိုက်တာ။ အခု တကယ် တိုက်ထွက်သေနတ်တွေ ဖြစ်ကုန်ပြီ။ ဒါ စိတ်ဓာတ်က ဖြစ်လာတာ။ EAOs တွေလည်း ဒီအတိုင်းပဲ။ စိတ်ဓာတ်နဲ့ လုပ်လာတာဖြစ်တော့ အခြေအနေပေးအပ်မှုနဲ့ ပေါင်းစပ်လိုက်တော့ သူလည်း ထုကြီးထည်ကြီး ဖြစ်လာတာ။ ဒီကနေ့က စိတ်ဓာတ်က အရေးကြီးတယ်။”

မေး - လက်ရှိ ပြည်သူတွေ ဗုံးကြဲလည်း ခံနေရတယ်။ တဖက်မှာလည်း စိတ်ဓာတ်အင်အားလည်း ရှိသေးတယ်ဆိုတော့ အဖူးအနေနဲ့ ပြည်သူတွေကို ဘယ်လို သတင်းစကား ပြောချင်လဲ။

ဖြေ - “ပြည်သူတွေကိုတော့ အားပေးစကား ပြောရမှာပဲ။ အခု ဗုံးဒဏ်ခံနေရတဲ့ ပြည်သူတွေက တနေရာတည်းမှ မဟုတ်ဘူး။ ရခိုင်၊ ချင်း၊ ကချင်ဘက်မှာလည်း ဗုံးကြဲခံရတယ်။ တို့ ဒီမှာလည်း လာလာချနေတာပဲ။ တို့က သတင်းမထုတ်ပြန်လို့။ သတင်းမထုတ်ပြန်တော့ ကရင်ပြည်နယ်ကြီး အေးနေတာပေါ့။ ဘယ်လိုပဲချချ တို့ပြည်သူလူထုက အကုန်လုံးက အေးအေးချမ်းချမ်း နေချင်ကြတာ။ ဒီကနေ့အထိက တို့ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ထောက်ခံနေတုန်း။ နေရာတိုင်းမှာ ဒီအတိုင်းပဲ။ ပြည်သူလူထုက ထောက်ခံမှု ရှိနေတုန်း။ ဒါကြောင့် ဒီတော်လှန်ရေးကို အဆုံးသတ်နိုင်ဖို့ တော်လှန်ရေးသမားတွေ အရေးကြီးတယ်။ တော်လှန်ရေးသမားတွေမှာလည်း အဓိက နိုင်ငံရေးဦးဆောင်အဖွဲ့က အရေးကြီးဆုံးပဲ။ နိုင်ငံရေးဦးဆောင်အဖွဲ့က ညံ့နေရင်တော့ မရဘူး။ လိုရာခရီး မရောက်ဘူး။ လှေပြိုင်ပွဲလိုပေါ့။ လူထုက အောက်ခြေလှော်တက်ကြီးနဲ့ လှေလှော်တဲ့သူတွေနဲ့ တူတယ်။ ဒီလှေကြီးကို လိုရာခရီးရောက်အောင် ကိုင်တွယ်တဲ့ ခေါင်းဆောင် ပဲ့နင်းသမား လိုတယ်။ အဲဒါတွေ ပေါင်းစပ်မှ။ အဲဒီတော့ ဘယ်လောက်ပဲ လှော်တက်နဲ့ အားရှိရှိ လှော်နေ၊ ပဲ့နင်း ပဲ့ကိုင်သမားက အသုံးမကျရင် လိုရာခရီး မရောက်နိုင်ဘူး။ ဒါကြောင့်မို့လို့ ခေါင်းဆောင်ပိုင်းက သိပ်အရေးကြီးတယ်။ အခု ခေါင်းဆောင်နေတဲ့သူတွေက EAOs ရော၊ PDF တွေရော၊ အားလုံးက ဒါကို ပြန်စဉ်းစားဖို့လိုတယ်။ တော်လှန်ရေးကို အမြန်နိုင်အောင် လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဘူးဆိုတာ ဘယ်နေရာ ချို့ယွင်းလဲ။ အဲဒါကို ပြင်ကြ။ ဒါပဲ ရှိတယ်။ ဒါပဲ ပြောချင်ပါတယ်။ EAOs နဲ့ PDF တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နယ်မြေတွေကိုလည်း ကဏ္ဍအလိုက် ပူးပေါင်းပြီး တညီတညွတ်တည်း တိုက်မယ်ဆိုရင် အကောင်းဆုံးပဲ။ အဲဒီညီညွတ်မှုရအောင် အကုန်လုံး ပြင်ကြရမယ်။ ပြင်ပြီးလုပ်မယ်ဆိုရင် ရကိုရရမယ်။ လူထုကိုလည်း ဒါပဲ Massage ပေးချင်တယ်။”

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024