Home
မြန်မာသတင်း
တရုတ်အပါအဝင် တော်လှန်ရေး နှောင့်နှေးအားနည်းစေရန် ကြိုးပမ်းသည့်နိုင်ငံများကို သပိတ် အင်အားစုက သတိပေး
DVB
·
September 2, 2024

မြန်မာ့မြေပေါ်မှ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး ကျိန်းသေ မုချကျဆုံးတော့မယ့်အရေးကို ရပ်တန့်၊ တားဆီးဖို့ ကြိုးစားတာဟာ အလွန်မိုက်မဲ ၊ ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ်လို့   အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တရုတ်အစိုးရကို အသိပေးကြေညာလိုက်ပါတယ်။

မြန်မာပြည်သူတွရဲ့ လွတ်လပ်ခွင့်၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် ဆင်နွှဲတိုက်ပွဲဝင်နေတဲ့ အရေးတော်ပုံကြီးကို နှောင့်နှေး အားနည်းစေဖို့  ကြိုးပမ်းတဲ့ ဘယ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရတွေကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်တယ်လို့လည်း  (GSCB) က ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာအစိုးရတွေရဲ့ ရပ်တည်ဆောင်ရွက်တွေအပေါ်  အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က စက်တင်ဘာ ၁ ရက်မှာ လူထုသဘောထား ထုတ်ပြန်လိုက်တာပါ။ 

တရုတ် သမ္မတရှီကျင့်ဖျင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပါအဝင် တရုတ်ဗဟိုအစိုးရအဖွဲ့နဲ့ တရုတ် - မြန်မာနယ်စပ်ရှိ ယူနန်ပြည်နယ်အာဏာပိုင်တွေဟာ ကချင်၊ တအောင်း၊ ကိုးကန့် နဲ့ ရခိုင် ပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲအပေါ် နည်းလမ်းမျိုးစုံသုံးကာ မတရားခြိမ်းခြောက် ဖိနှိပ်လို့ စစ်အာဏာရှင်တော်လှန်ရေးကို ရပ်တန့်ဖို့ ကြိုးစားနေကြောင်း ၀မ်းနည်းစိတ်ပျက်ဖွယ် ကြားသိ၊ မြင်တွေ့ရတယ်။ ပန်းခင်းတခုလုံး ဖျက်ဆီးပြီး နွေဦးလာမှာကို တားဆီးဖို့ကြိုးစားသလို မြန်မာ့မြေပေါ်မှ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး ကျိန်းသေ မုချ ကျဆုံးတော့မယ့် အရေးကို ရပ်တန့်၊ တားဆီးဖို့ ကြိုးစားတာဟာ အလွန်မိုက်မဲ၊ ဆိုးရွားတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့  တရုတ်အစိုးရအဖွဲ့ကို အသိပေးထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံးဟာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ပအို့ဝ်၊ ရှမ်း၊ တအာင်း၊ ကိုးကန့် စတဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေကြတဲ့ လက်နက်ကိုင်အင်အားစုတွေအပါအဝင် မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တွန်းလှန်နေကြတဲ့ တော်လှန်ရေး အင်အားစုအားလုံးဘက်က တသွေးတည်းတသားတည်း ပြည့်ပြည့်ဝဝ ရပ်တည်နေပါကြောင်း သမ္မတရှီကျင့်ဖျင်နဲ့  နိုင်ငံခြားရေဝန်ကြီး အပါအဝင် ပေကျင်း တရုတ်အစိုးရတဖွဲ့လုံးကို အလေးအနက် သိစေလိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်ရင်  ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေနဲ့လုပ်ဆောင်သွားမယ်လို့ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက  တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ထံ ပြီးခဲ့တဲ့ရက်ပိုင်းက စာပေးပို့ သတိပေး ခြိမ်းခြောက်ထားတာပါ။

TNLA ဆီကို ပေးပို့တဲ့စာမှာ ပြည်သူတွေရဲ့တော်လှန်ရေးအပေါ် ရိုင်းရိုင်းပျပျ ခြိမ်းခြောက်စော်ကားတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး စာကို ပြန်ရုပ်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း  ဩဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ထားသလို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကလည်း  လူထုသဘောထား ထုတ်ပြန်လိုက်တာပါ။ 

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက်မှာလည်း မြန်မာနိုင်ငံသားတွေက မှတ်ချက်တွေရေးပြီး ပြန်လည်တုံ့ပြန်နေကြပါတယ်။  

တရုတ်နိုင်ငံခြားရေး ဝန်ကြီး လင်ကျန်းကတော့ “တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးဖို့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်း အမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်နဲ့ မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန် လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့  AFP သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာအာဏာသိမ်း စစ်အုပ်စုနဲ့ တရုတ်အစိုးရအကြား နီးကပ်တဲ့ ဆက်ဆံရေးရှိနေတာတွေ့ရပြီး  ဩဂုတ် ၁၄ ရက် ရက်နေ့က  တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်မှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်၊။ 

ဒီလိုတွေ့ဆုံရာမှဦ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူဖို့ လိုအပ်တဲ့ နည်းပညာအကူအညီပေးမယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လိုအပ်တာ ကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောကြားသွားခဲ့ပါတယ်။ 

နှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ဘန်ဒေါင်းမူကြီး ၅ ရပ်ကို လေးစားလိုက်နာတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူ့ဆန္ဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ရပ်တည်ထောက်ခံတာ အပါအဝင် စစ်ကောင်စီ အပေါ် တရားဝင်မှုအတွက် အကာအကွယ်ပေး ရပ်တည်မှုအားလုံးကို မြန်မာပြည်သူတွေက  ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သူတွေအနေနဲ့  စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အပါအဝင် မြန်မာနိုင်ငံမှာ  စစ်တပ် ကြီးစိုးစေမယ့် ဘယ်နိုင်ငံရေးလုပ်ငန်းစဥ်ကိုမှ အယုံအကြည် မရှိဘူးလို့ (GSCB)  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Photo-GSCB

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024