ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ ရာဇသံပေးကာ စစ်ကောင်စီ အသက်မသေရေးအတွက် ဝင်ရောက်စွက်ဖက်လိုက်ပြန်ပါတယ်။
အရင့်အရင်ကာလတွေတုန်းက တကြိမ် တခါမှ မပေးပို့ဖူးတဲ့ ခြိမ်းခြောက်စာကို ဩဂုတ် ၂၉ ရက် နေ့စွဲနဲ့ ပေးပို့လိုက်တာဖြစ်ပြီး နိုင်ငံကြီးတနိုင်ငံရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့မှုကို တရုတ်က ပြောင်ပြောင်တင်းတင်း ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။
TNLA အနေနဲ့ တိုက်ပွဲတွေ ချက်ချင်းမရပ်ဘူးဆိုရင် တရုတ်က ကြောက်ရွံ့ကျိုးနွံသွားအောင် ဆုံးမသွန်သင်ခြင်းနည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အားလုံးကို TNLA က တာဝန်ယူရမယ်လို့လည်း ရင့်သီးရိုင်းစိုင်းစွာ တရုတ်ရဲ့ ခြိမ်းခြောက်စာမှာ ဖော်ပြထားတယ်။
ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်အထိ မြန်မာ-တရုတ်နယ်စပ်မှာ တရုတ်ဘက်က ကြည်းတပ်နဲ့ လေတပ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင်ခဲ့တယ်။ စစ်ရေးလေ့ကျင့်တယ်ဆိုတာက စစ်ရေးအရ ခြိမ်းခြောက်တဲ့သဘောပါပဲ။ တရုတ်ရဲ့ ခြိမ်းခြောက်စာအဖွင့်မှာ “တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မည်ဖြစ်သည်”လို့ ဖော်ပြထားပြီး တိုက်ပွဲတွေချက်ချင်းမရပ်ရင် ဆုံးမသွန်သင်ခြင်းနည်းလမ်းတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ဆိုခြင်း အရ တရုတ်အနေနဲ့ မြန်မာ့အချုပ်အခြာပိုင်နက်နယ်မြေထဲ စစ်ရေးအရ ကျူးကျော်ကာ TNLAကို ဝင်တိုက်သွားမယ်လို့ ကောက်ယူရပါမယ်။
ဒါကို ထပ်ပြီး အသေးစိတ်ရရင် တရုတ်ရဲ့ ခြိမ်းခြောက်စာဟာ TNLA တခုတည်းကိုသာ ခြိမ်းခြောက် ခြင်းမဟုတ်ဘဲ မြန်မာပြည်သူတို့ရဲ့ အချုပ်အခြာအာဏာကို သူတို့ပြောသလို မလုပ်ရင် အချိန်မရွေး ဝင်ရောက် ကျူးကျော်တိုက်ခိုက်သွားမယ်လို့ ပြောလိုက်ခြင်းလည်း ဖြစ်တယ်။
ပြည်သူ့အစိုးရ NLD လက်ထက်မှာ အိမ်နီးချင်းတရုတ်နဲ့ အဆင်ပြေရေးမူကို လက်တွေ့ကိုင်စွဲ လျှောက်လှမ်းခဲ့သလို မြန်မာပြည်သူတွေရဲ့ကြား တရုတ်အစိုးရမုန်းတီးနေမှုအမြင်ကိုပါ လျော့ကျအောင် စွမ်းဆောင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ကာလ၊ NUGအစိုးရကလည်း တရုတ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေရေးမူကို စွဲကိုင်ခဲ့ပြီး တရုတ်မငြိုငြင်အောင် သတိကြီးကြီးထားခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့၊ တရုတ် ကတော့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ကာယကံမြောက် ဆန့်ကျင်ခြင်းအဆင့်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။
တရုတ်အနေနဲ့ ဘာကြောင့် ရင့်သီးရိုင်းစိုင်းစွာ မြန်မာပြည်သူတွေကို ခြိမ်းခြောက်နေရတာပါလဲ။ မြန်မာနိုင်ငံတွင်းနဲ့ အထူးသဖြင့် ရှမ်းမြောက်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တရုတ်က နယ်စပ်ဒေသတည်ငြိမ်ရေး၊ မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အကျိုးစီးပွားတွေရဲ့ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပွဲတွေရပ်ကြဖို့ မကြာခဏဆိုသလို ပြောလေ့ရှိပါတယ်။
မြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုနဲ့ တိုက်ပွဲတွေဟာ အိမ်နီးချင်းတရုတ်အပေါ် ထိခိုက်မှုတစုံတရာရှိတာ မှန်ပေမဲ့ အဲဒီမတည်ငြိမ်မှုရဲ့ လက်သည်ဟာ အာဏာသိမ်းစစ်ကောင်စီသာ ဖြစ်ကြောင်း တရုတ်လည်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့ တရုတ်က ရှုမြင်ပြီး ဝေဖန်ခြင်းမရှိသလို စစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ပါ ထိတွေ့ဆက်ဆံရုံတင်မက အခုဆိုရင် စစ်ကောင်စီ မပြိုလဲစေရေးအတွက် တော်လှန်ရေးအင်အားစုတွေကိုပါ ခြိမ်းခြောက်လာပါတော့တယ်။
တရုတ်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတချို့ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ တည်ငြိမ်မှုတခုဆီရောက်အောင် သွားဖို့ ရည်မှန်းခဲ့တာ အမှန်ပါပဲ။ စစ်ကောင်စီက NLDပါတီကိုဖျက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပြု၊ စတဲ့ လုံးဝ အဖြေမရှာတဲ့လမ်းပေါ် ဖြောင့်ဖြောင့် လျှောက်တော့လည်း တရုတ်က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ စစ်ကောင်စီ လုပ်သမျှနဲ့ စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု မှန်သမျှကို မြန်မာပြည်တွင်းရေးကိစ္စ ငါတို့နဲ့မဆိုင်လို့ တရုတ်က သတ်မှတ်ပုံပါပဲ။
စစ်ကောင်စီက အဖြေမရှာတဲ့လမ်းပေါ် ဖြောင့်ဖြောင့်လျှောက်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် စစ်ဘောင်ကျယ်လာပြီး စစ်တပ်က အရှုံးကြီးရှုံးလာတဲ့အချိန်မှာတော့ တရုတ်က ခေါင်းထောင်လာ ပါတော့တယ်။ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ် ခွေးပြေးဝက်ပြေး ရှုံးပြေး ပြေးရတော့ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ်မတော် TNLA ကို တရုတ်က အကျပ်ကိုင်ကာ ဇန်နဝါရီ ၁၁ ရက်မှာ ရှမ်းမြောက်ဒေသ ယာယီအပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ဆိုတာ ထွက်ပေါ်လာခဲ့တယ်။ ဟိုင်ဂင်သဘောတူညီချက်ဆိုတာ ရောက်နေတဲ့နေရာမှာ ကိုယ့်ဟာကိုယ်နေ၊ အပြန်အလှန် မပစ်ခတ်ကြနဲ့ဆိုတဲ့ အဆင့်။ နိုင်ငံရေး သဘောတူညီချက် ဘာမှမပါ။ ပြီးတော့ ရှေ့တလှမ်း ဆက်တိုးလို့မရ။
မင်းအောင်လှိုင်က TNLA နဲ့ MNDAA သိမ်းပိုက်လိုက်တဲ့ နယ်မြေတွေကို စားပွဲဝိုင်းကနေ ပြန်ရစရာအကြောင်းမရှိမှန်း သိလာတယ်။ ပြီးတော့ မင်းအောင်လှိုင်ဟာ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးတုန်းက အရှုံးကြီး ရှုံးခဲ့တဲ့ သူ့တပ်ကို ပြန်တည်ဆောက်နိုင်ပြီလို့လည်း ထင်ယောင်ထင်မှား ဖြစ်ခဲ့ပုံရပါတယ်။
အဲဒါနဲ့ မင်းအောင်လှိုင်တပ်တွေက ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ကာ တဖက်သတ် ရန်စ တိုက်ခိုက်မှုတွေ လုပ်တော့တယ်။ TNLA က စစ်တပ် တိုက်တာကို ခံပြီး ဟိုင်ဂင်သဘောတူညီချက် ချိုးဖောက် သူဟာ စစ်ကောင်စီတပ်ဖြစ်ကြောင်း တရုတ်မြင်အောင် အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဇွန် ၂၅ ရက် ကျမှာသာ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲကာ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်။ (စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို တဖက်သတ်ချိုးဖောက်တုန်းကလည်း တရုတ်အနေနဲ့ တရားဝင် ကန့်ကွက်ခြင်းမရှိခဲ့ပါဘူး။)
ဒုတိယအကျော့ ၁၀၂၇ ရင်ဆိုင်တိုက်ပွဲတွေ စတင်ပြန်တော့လည်း တာထွက်တာနဲ့ ငယ်သံပါပြန်တာ မင်းအောင်လှိုင်တပ်ပါပဲ။ ဩဂုတ် ၃ ရက်မှာ နာမည်ကျော် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA ပူးပေါင်းတပ် ခြေဖဝါးအောက် ပြားပြားမှောက်။ အခုဆိုရင် ရှမ်းတောင် ဝင်ပေါက် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာက အမြောက်တပ်တွေအကုန် ပြုတ်ပြုတ်ပြုန်းတော့မယ့်အခြေမို့ တောင်ခမ်းပြီးရင် ရှမ်းတောင် ရပ်စောက်၊ ဗထူး၊ အခု တောင်ကြီးတောင် ခပ်လှုပ်လှုပ်။ ပြင်ဦးလွင်ကလည်း ရူးချင်ချင်အခြေအနေမို့ ကတုတ်ကျင်းတူးနေရတဲ့ ဘဝ။ ပြီးတော့ မန္တလေးသည်လည်း ရတတ်မအေးတော့တာမို့ ဒေသခံ သက်ကြီးအမျိုးသားတွေကို အဓမ္မကင်း စောင့်ခိုင်းဖို့ ရပ်ကွက်အုပ်ကြီးတွေ ဇယားချနေကြရ။
ဩဂုတ် ၂၈ ရက်ကပဲ MDY-PDF က ထုတ်ပြန်လိုက်သေးတယ်။ မန္တလေးတိုင်းကနေ ရှမ်းမြောက်ကိုနေ့ ချင်းပြန်တက်ပြီး ရှမ်းခေါက်ဆွဲသွားစားလို့ရပြီတဲ့။ ပြီးရင် မန္တလေးကနေ နေပြည်တော်ဆိုတာလည်း မဝေးတော့တာ အသေအချာပဲလို့ ဆိုတယ်။ မန္တလေးဆိုတာ သိပ်မဝေးတော့မှန်းနဲ့ မန္တလေးပြီးရင် နေပြည်တော်ကလည်း မဝေးတော့ဘူးဆိုတာ မင်းအောင်လှိုင်မသိပေမဲ့ တရုတ်က ကောင်းကောင်းသိတယ်။
အဲဒီအသိကြောင့်ပဲ ဟန်မဆောင်နိုင်တော့တဲ့ တရုတ်ဟာ နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာကင်းမဲ့စွာနဲ့ မြန်မာပြည်သူတွေကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်တယ်။
တရုတ်ဟာ အာဆီယံဒေသတွင်းမှာ ငြိမ်းချမ်းရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ နိုင်ငံဖြစ် ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးရဲ့ ဩဂုတ်၂၇ ရက် ပြောကြားချက်က မှတ်သားစရာပါပဲ။ ထွန်းလင်း