ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၂ ခု ဖြစ်တဲ့ အမတ (၄၀၆)နဲ့ အမတ (၂၀၆)တို့ကို သြဂုတ် ၂၈ ရက် ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန် ပါတယ်။
နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂) တပ်စခန်း၊ ၃၄၅ တပ်စခန်းအနီး တဝိုက်နဲ့ မကျီးရေရွာဘုန်းကြီးကျောင်းတို့မှာလည်း သြဂုတ် ၂၉ ရက်က TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ ၉၀၂ တပ်စခန်းကို သြဂုတ် ၂၉ ရက် မနက် ၇ နာရီ ၂၀မိနစ်မှာတကြိမ်၊ ၃၄၅ တပ်စခန်းကို ညနေ ၅ နာရီ မိနစ် ၄၀ မှာတကြိမ်နဲ့ မကျီးရေရွာ ဘုန်းကြီးကျောင်းတို့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က Y12 နဲ့ (၃)ကြိမ် ၊ ဗုံး (၁၅၀) လုံး၊ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။