မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ချက်ချင်းအပစ်ရပ်ဖို့နဲ့ မရပ်ရင် ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေနဲ့လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံက တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ထံ စာပေးပို့ သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်းအပစ်ရပ်ဖို့ မရပ်ဘူးဆိုရင် တရုတ်နိုင်ငံရဲ့ တုန့်ပြန်မှုကို ခံရမယ်ဆိုပြီး တရုတ်နိုင်ငံရဲ့ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီကပေးပို့တဲ့ အကြောင်းကြားစာကို လက်ခံရရှိခဲ့တယ်လို့ (PSLF/TNLA)အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က DVB ကို ပြောပါတယ်။
ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီကပေးပို့တဲ့စာထဲမှာ (PSLF/TNLA) အနေနဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်မှုတွေနဲ့ ပစ္စည်းဥစ္စာတွေကို ထိခိုက်စေပြီး အန္တရာယ်ရှိစစ်ရေးအပြုအမှုကို ပပျောက်အောင်ဆောင်ရွက်ရမယ်၊ အဲဒီလိုမလုပ်ဘူးဆိုရင် တရုတ်နိုင်ငံက ကြောက်ရွံကျိုးနွံဖို့နဲ့ ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေကို ပိုမိုလုပ်ဆောင်မယ်၊ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တအာင်းတပ်အနေနဲ့ တာဝန်ယူရမယ်လို့ ရေးသားထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီပြီး TNLA အတွက် သင့်တော်တဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားရရှိစေဖို့ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဖို့ ကူညီပေးမယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနယ်စပ်အနီး တရုတ် မြေပြင်နဲ့ ဝေဟင်စစ်တပ်တွေ ပူးပေါင်းပြီး ကင်းလှည့်တာနဲ့ ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ် လေ့ကျင့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။