တရုတ်နိုင်ငံ၊ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဆီကို ပေးပို့တဲ့စာမှာ ပြည်သူတွေရဲ့တော်လှန်ရေးအပေါ် ရိုင်းရိုင်းပျပျ ခြိမ်းခြောက်စော်ကားတာကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး စာကို ပြန်ရုပ်သိမ်းဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဒီနေ့ ဩဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်လို့ လိပ်မူပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၉ ရက် ရက်စွဲနဲ့ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတိပေးခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့တာကို သတင်းတွေအရ သိရှိရတယ်လို့ ဆိုပါတယ်။
မြန်မာပြည်ဟာ ပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေရှိနေပေမဲ့ နိုင်ငံတွင်းမှီတင်းနေထိုင်ကြတဲ့ လူမျိုးဘာသာစုံ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ဖြစ်ပြီး နိုင်ငံရဲ့ ဒေသအသီးသီးက လူမျိုးတွေနဲ့ သူတို့ရဲ့ ပြည်နယ်တွေ၊ နယ်မြေတွေဟာလည်း သက်ဆိုင်ရာ လူမျိုးတွေနဲ့ ဒေသခံပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင် ပြည်နယ်တွေ၊ နယ်မြေပိုင်နက်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတနိုင်ငံလုံးကိုဖြစ်ဖြစ်၊ နိုင်ငံအတွင်းက လူမျိုးတမျိုး၊ ပြည်နယ်တခု၊ နယ်မြေဒေသ တခုကိုဖြစ်ဖြစ်၊ ဘယ်တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားတာတွေ လုပ်ခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။
စာပါအချက်အလက်တွေအရ ကြောက်ရွံ့ကျိုးနွံနဲ့ ဆုံးမသွန်သင်နည်းလမ်းတွေကို ပိုပြီး လုပ်ဆောင်မယ်လို့ ရိုင်းပျစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာကိုတွေ့ရပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတခု ဖြစ်တဲ့အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်တဲ့ တအာင်းအမျိုးသားတို့ရဲ့ တပ်မတော် အပေါ်နဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် အခုလို ရိုင်းရိုင်းပျပျ ခြိမ်းခြောက်စော်ကားတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ဖော်ကြေညာတယ်လို့ ဆိုပါတယ်။
စာကိုပေးပို့ခဲ့တဲ့ ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီ အနေနဲ့ စာပေးပို့တာကို ပြန်လည်ရုတ်သိမ်းဖို့၊ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ရာ လူမျိုးတွေ၊ ပြည်သူတွေအပေါ် နိုင်ငံတကာဥပဒေတွေ၊ ကျင့်ဝတ်တွေနဲ့အညီ လေးစားအသိအမှတ်ပြုဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံက လူမျိုးစုံ ပြည်သူတွေဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူတွေဖြစ်ပြီး စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ မတရားဖိနှိပ်မှုတွေကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ နယ်စပ်ဒေသအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက လူမျိုးစုံပြည်သူတွေရဲ့ စစ်တပ်ကမတရားအနိုင်ကျင့်ခံနေရတာကို စာနာနားလည်ပြီး ကူညီပံ့ပိုး ပေးခြင်းအားဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုခိုင်မြဲစေဖို့ ကြိုးစားသင့်တယ်လို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။