တော်လှန်ရေးက ဘယ့်နဲ့လဲ အောင်ပါ့မလား အချိန်ဘယ်လောက်ကြာဦးမှာလဲ…
လူငယ်တွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ကျနော် တွေ့ဆုံတဲ့အခါတိုင်း မျှော်လင့်တကြီး မေးကြတဲ့ အားကိုးတကြီး မေးခွန်းပါ။ အဲဒီအခါ ကျနော် အဖြေပြန်ပေးဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့အဖြေက ပြည်သူတဦးချင်းဆီနဲ့ လူငယ်တယောက်ချင်းဆီက တော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ ဘယ်လိုပါဝင် ပတ်သက်နေသလဲဆိုတဲ့ အချက်ပေါ်မှာ များစွာမှုတည်နေကြောင်း ဆိုတာ ပြောဖြစ်ပါတယ်။
တချို့က အထင်ရှိပါတယ်။ ဘယ်လိုအထင်လဲဆိုတော့ ဒီ မြန်မာ့နွေဦးတော်လှန်ရေးက NUG အမျိုးသားညီညွတ်ရေးအစိုးရကပဲ လုပ်သွားလိမ့်မယ်။ အချိန်တန်ရင် အောင်မှာပဲ။ ပြီးသွားမှာပဲလို့ အဲဒီလို ပေါ့ပေါ့လျှော့လျှော့ ဖော့ပြီး တွေးကြ ကြံကြ လုပ်နေကြတာမျိုး ရှိပါတယ်။ တချို့က ရန်ငါစည်း မပြတ်သေးပါဘူး။ ရန်သူကို လျှော့တွက်နေတုန်းပါ။ တချို့က NLD အနိုင်ရရင် ပြီးသွားမယ်လို့ ထင်ကြပါတယ်။
တချို့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီနွေဦးတော်လှန်ရေးပြီးရင် ငါတို့ ကိုယ်စားလှယ် ပြန်ဖြစ်မှာပဲလို့ တွေးထင်ပြီး ငါတို့သေလို့မရဘူးဆိုပြီ တရားဝင်မှု ပျက်မှာစိုးလို့ ဘာလို့ ညာလို့ဆိုပြီး တော်လှန်ရေးကို ပုန်းပြီး လုပ်နေလေရဲ့။ ဖားတွေကမှ မိုးရွာရင် ထွက်လာသေးတယ်။ သူတို့က မိုးခြိမ်းတာတောင် ထွက်မလာဘူး။ ဒေသခံ PDF တွေက ပြောပြကြတဲ့ ကိုယ်လည်ကိုယ်စားသူများ အကြောင်းကလည်း နားနဲ့မဆန့်အောင်ပါပဲ။
ဒီမိုကရေစီခေတ်မှာ တရားဝင် အရွေးကောက်ခံထားရတဲ့ လူငယ်ကိုယ်စားလှယ်တွေရဲ့ အသက်ကတောင် သူတို့အသက်လောက် ဈေးမကြီးဘူးလို့ အထင်အမြင်ရှိတယ်။ ထားပါ။ ဒါက ကျနော့်ရဲဘော်ရဲဘက်တွေနဲ့ တွေ့တုန်း ဆုံတုန်း တော်လှန်ရေး အပန်းပြေ သရေစာလေးတွေပါ။
ကိုအောင်ဆန်းကတော့ ပြတ်တယ် ရှင်းတယ်။ လွတ်လပ်ရေးလိုချင်ရင် လွတ်လပ်ရေး ရရာရကြောင်း ကျင့်။ နိဗ္ဗာန်လိုချင် နိဗ္ဗာန်ရရာရကြောင်း ကျင့်တဲ့။ ဂျပန်ရေချိုးတာထက် ရှင်းတယ်။
လွတ်လပ်ရေး ရလာတဲ့အခါ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ တာဝန်တွေ ပိုလာလိမ့်မယ်တဲ့။ လွတ်လပ်ရေး ရလာတဲ့အခါ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ တိုင်းပြည်လူထုက ပေးအပ်တဲ့ တာဝန်ကို ကျနော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ကျနော်တို့ရတဲ့ လွတ်လပ်ရေးဟာ ဒီနေ့ရ မနက်ဖြန် သူများလက် ပြန်ပါသွားမှာပဲတဲ့။
သူ့သမီး ပြောခဲ့တာလည်း ဉာဏ်ပါတယ်။ အလုပ်ဖြစ်တယ်။
ဟောပြောပွဲတခုမှာ မေးတယ်။
အမေ ဒီမိုကရေစီ ဘယ်တော့ရမှာလဲလို့ မေးတော့ အမေစုက ပြန်မေးလိုက်ပါတယ်။ သမီးက ဒီမိုကရေစီရဖို့ ဘာတွေလုပ်နေလဲလို့ အဲဒီလို ပြန်မေးလိုက်ပါတယ်။ တကယ်တမ်းတော့ ကိုယ်မေးလိုက်တဲ့ မေးခွန်းရဲ့ အဖြေဟာ တခါတခါမှာ ကိုယ့်ဆီမှာ ရှိနေတာမျိုးပါ။
ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတွေဟာ ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး အရယူရတာမျိုးပါ။
ထိုနည်းတူစွာပါပဲ။ နွေဦးတော်လှန်ရေး ဘယ်တော့အောင်မလဲဆိုရင် ပြည်သူတဦးချင်း၊ လူငယ်တဦးချင်းက တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိ၊ တော်လှန်ရေးဝမ်းစာ ဘယ်လောက်ပြည့်သလဲ ဆိုတာနဲ့ ထပ်တူကျပါတယ်။
ဒီနေရာမှာ ကျနော်မျှဝေချင်တာက ထိထိခိုက်ခိုက် ပြောပြချင်တာက။
ကျနော်တို့ ရယူရမည့် တော်လှန်ရေးရဲ့ အသီးအပွင့်တန်ဖိုးပါ။ ထိုတန်ဖိုးက သိပ်ပြီး ကြီးပါတယ်။ ထိုတန်ဖိုးက သိပ်ပြီး မြင့်ပါတယ်။ အဖိုးနည်း အိုးကွဲ မဟုတ်ပါ။ ပေါချောင်ကောင်း မဟုတ်ပါ။ ပေးဆပ်ရမှု တန်ဖိုး၊ ပေးချေရမည့် အဖိုးစားနားက များပါတယ်။ အမြင့်ဆုံး အဖိုးအခက ဘဝပါ အဆစ်ပေးရနိုင်ပါတယ်။
ပြန်ရမယ့်တန်ဖိုးက သားစဉ်မြေးဆက် စစ်ကျွန်ဘဝက လွတ်မြောက်ခြင်း တန်ဖိုးပါ။
နောင် ဘယ်သောအခါမှ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျခြင်း မခံရတော့မယ့် တန်ဖိုးပါ။
လူကို လူလို စီမံခန့်ခွဲမယ့် စနစ်သစ် နိုင်ငံတော်သစ် တန်ဖိုးပါ။
ကမ္ဘာ့အဆင့်မီ ကိုယ်ကျင့်သိက္ခာတရားနဲ့ နေထိုင်ခွင့်ရမယ့် တန်ဖိုးပါ။
ကိုယ့်ပြည်နယ်နဲ့ ကိုယ့်အစိုးရအဖွဲ့နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ တန်ဖိုးပါ။
ကိုယ့်အလုပ်တန်ဖိုးအတိုင်း လုပ်အားခ အကျိုးခံစားခွင့်ရမယ့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရမယ့် တန်ဖိုးပါ။
တပ်မတော်အသစ်၊ ရဲတပ်ဖွဲ့အသစ်၊ စီမံခန့်ခွဲရေး (အုပ်ချုပ်ရေးဟု မသုံးချင်) အသစ်၊ တရားစီရင်ရေးအသစ်၊ ဖက်ဒရယ် ဒီမိုကရေစီ အစစ် တန်ဖိုးပါ။ စသဖြင့် လူ့ဂုဏ်သိက္ခာနဲ့ တန်ဖိုးတွေပါ။
ဒီတန်ဖိုးတွေဟာ လွယ်လွယ်နဲ့ မရယူနိုင်ပါဘူး။ နိုင်ငံသားတယောက်ချင်းဆီက ကိုယ်ပိုင်ဉာဏ်ပညာနဲ့ စာရိတ္တသတ္တိနဲ့ အားထုတ်မှုနဲ့ အသက်ကိုအရင်းတည်ပြီး လုပ်မှရမှာပါ။
ချစ်မင်းနွဲ့ကြည်