မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ဟာ စစ်ရေးဗျူဟာအရ ပြည်ပစစ် ဖြစ်လာရင် ခုခံနိုင်ဖို့အထိ ပြင်ဆင်ထားတာကြောင့် တိုက်ခိုက်သိမ်းပိုက်ဖို့ ခက်ခဲနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒေသတွင်း PDF တွေ ထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းတွင်းကို ဗဟိုပြုထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) ဟာ စစ်ရေးဗျူဟာအရ ပြည်ပစစ်ဖြစ်လာရင် ခုခံနိုင်ဖို့အထိ ခင်းကျင်းပြင်ဆင်ထားတဲ့ နေရာဖြစ်တယ်လို့ ဒေသတွင်း လေ့လာသူတွေကပြောပါတယ်။
မိတ္ထီလာလွင်ပြင်ကို ဗဟိုပြုပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ စစ်ရေးအတွက် လိုအပ်တဲ့ လေယာဉ်ကွင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်၊ ခြေမြန်တပ်မဌာနချုပ်တွေနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကို ဗျူဟာတကျ ဖွဲ့စည်းတည်ဆောက်ထားတာပါ။
စစ်ရေးမှာ ဧရာဝတီမြစ်ကို ရေလမ်းသယ်ယူပို့ဆောင်ရေးအတွက် စဉ်းစားထားသလို မြေပြန့်လွင်ပြင်ဒေသ ဖြစ်တာကြောင့် လိုအပ်ရင်လိုအပ်သလို စစ်တပ်အစုအဖွဲ့တွေအကြား အပြန်အလှန်ကူညီနိုင်ဖို့ ထောက်ပို့လမ်းကြောင်းတွေ အများအပြားကိုလည်း ပြင်ဆင်ထားပါတယ်။
ဦးသန်းရွှေလက်ထက် ၂၀၀၅ ခုနှစ် နေပြည်တော် ပေါ်ပေါက်လာပြီးနောက်မှာတော့ မြန်မာစစ်တပ်ဟာ လပခကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုကာတဲ့ ဗျူဟာပုံစံထဲကို ပြောင်းလဲထည့်သွင်းခဲ့ပါတယ်။
မန္တလေးကို ဗဟိုပြုထားတဲ့ လပခဟာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပတ်ချာလည် စစ်တိုင်းတွေကို ဗျူဟာနဲ့ လိုအပ်ချက်တွေကို အနောက်ကနေ ထောက်ပို့ထားတဲ့ စစ်ဌာနချုပ် ဖြစ်တာကြောင့် စစ်ကောင်စီက အလွယ်တကူ လက်လွှတ်မယ့် အခြေအနေတော့မရှိဘူးလို့ ဒေသတွင်း နိုင်ငံရေးသမားတွေက တွက်ချက်ပါတယ်။
စစ်ကိုင်းနယ်ခံနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ဦးစိုးဝင်းဆွေက “မြန်မာပြည်အထက်ပိုင်းရဲ့ စစ်တပ် လက်နက်ထောက်ပို့ သယ်ယူပို့ဆောင်ရေးသည် အဓိက က မန္တလေးမှာရှိတယ်။ မန္တလေးသည် အခြားသော ရုံးဌာနတွေကလည်း မြန်မာပြည်အထက်ပိုင်းရဲ့ဗဟို ဖြစ်နေသလို စစ်တပ်ရဲ့ ယန္တရားတွေ လည်ပတ်ဖို့ကလည်း မြန်မာပြည်အထက်ပိုင်းရဲ့ဗဟိုလို့ ပြောလို့ရတယ်။ ဗျုဟာအရ ရပခတို့၊ မပခတို့၊ နမခတို့ပေါ့ဗျာ။ အခြားသောစစ်တိုင်းတွေအတွက်လည်း လပခသည် အသက်သွေးကြော အရေးပါတယ်ပေါ့။ စစ်တပ်ရဲ့ ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကလည်း ဧရိယာအရဆိုရင် မန္တလေးတိုင်းမှာပဲ ပါနေတာဆိုတော့ လပခသည် စစ်ရေးအရ အတော်အရေးကြီးတဲ့နေရာတခုလို့ ကျနော်တို့က မြင်ပါတယ်” လို့ ပြောပါတယ်။
ပုံမှန်နယ်နိမိတ်သတ်မှတ်ချက်အရဆိုရင် လပခ လက်အောက်မှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်း တောင်ပိုင်းတွေပဲ ပါဝင်ပေမယ့် စစ်ကောင်စီလက်ထက် တိုက်ပွဲတွေ ဖြစ်ပွားလာချိန်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ ချိတ်ဆက်ပြီး စစ်ကိုင်း၊ ရှမ်းနဲ့ ကချင်ပြည်နယ်ဘက်အထိ စစ်ရေးထိန်းချုပ်မှုတွေဟာ လပခကို ဗဟိုပြုထားတာကို တွေ့ရပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့က တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုမိုးထက်နေက “မိတ္ထီလာလွင်ပြင်သည် သူတို့ ပြည်ပစစ်ဖြစ်လာရင် Command (အမိန့်ပေးကွပ်ကဲ) စင်တာအနေနဲ့ စဉ်းစားတာကိုး။ အဲဒီဟာက ဂျပန်ခေတ်ကတည်းက စဉ်းစားခဲ့တဲ့ဟာ။ မန္တလေးကနေ မိတ္ထီလာအထိကတော့ မန္တလေး၊ စစ်ကိုင်းပေါ့ဗျာ တပ်တွေဖြန့် တည်ဆောက်ထားတာပဲ။ အဲဒီအထဲမှာ အခု နေပြည်တော် ပြောင်းသွားတော့ ပျဉ်းမနား-မိတ္ထီလာ ပေါ့နော် အဲဒီစဉ်းစားချက်က။ မန္တလေးတို့၊ စစ်ကိုင်းတို့ကတော့ နည်းနည်းအစွန်အဖျားကျတဲ့ ဟာပေါ့ဗျာ။ သူတို့ အဲဒီကနေမှ မိတ္ထီလာလွင်ပြင်ကို ရံတဲ့သဘောပေါ့။ နန်းတွင်းထဲမှာတော့ တပ်တွေရှိတယ် ဆိုပေမယ့် အဲဒီတပ်တွေက အုပ်ချုပ်-ထောက်ပံ့ လုပ်တဲ့တပ်တွေ များတယ်ပေါ့။ တိုက်ခိုက်ရေးတပ်တွေကတော့ မြို့ပြင်မှာ ဖြန့်ထားတာမျိုးလို့ ကျနော် နားလည်ပါတယ်။ ခဲယမ်းတပ်တို့ ဘာတို့က မြို့အပြင်ထုတ်ထားတာပေါ့နော်။ နန်းတွင်းထဲကတော့ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့လိုဟာမျိုး၊ စစ်ရုံးတွေပေါ့ဗျာ။ နန်းတွင်းကတော့ Control Center ပေါ့ လပခ ရဲ့။ သူတို့ဘက်ကကြည့်ရင်တော့ မန္တလေးက ရှေ့တန်းစခန်းလိုဟာမျိုးပါပဲ။ သူတို့ ဆုပ်ဆုပ်ပိုက်ပိုက်ရှိတဲ့ဟာက ပျဉ်းမနားလိုနေရာမျိုးပေါ့ဗျာ။ အခု သူတို့ နေပြည်တော် ကျတ်ပြေးလို နေရာမျိုးပေါ့။ ဒီလိုနေရာမျိုးကတော့ သူတို့ Command လုပ်တဲ့နေရာပေါ့။ အဲဒီတော့ မန္တလေးတို့ ဘာတို့ကတော့ သူတို့ခံစစ်စည်းအစပ်တွေဖြစ်မယ်လို့ ကျနော်တော့ ဒီလိုပဲ နားလည်ပါတယ်” လို့ ပြောပါတယ်။
လပခ လက်အောက်မှာ မိတ္ထီလာမြို့အခြေစိုက်ခြေမြန်တပ်မဌာနချုပ်တခု၊ မကွေးတိုင်းအခြေစိုက် ခြေမြန်တပ်မဌာနချုပ် ၂ ခုအထိ ထည့်သွင်းဖွဲ့စည်းထားပြီး ခြေမြန်တပ်မချုပ်တွေဟာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိပြီး ရွေ့လျားပုံစံနဲ့ လိုအပ်သလို အသုံးပြုနိုင်ဖို့ ပြင်ဆင်ထားတာပါ။
လတ်တလောမှာတော့ လပခရဲ့ ပင်မထိန်းချုပ်နေရာ နန်းတွင်းအခြေစိုက်စစ်ရုံးတွေကို ကာကွယ်ဖို့ စစ်ကောင်စီက မြို့ပေါ်မှာ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မတ္တရာ PDF ရဲ့ တာဝန်ခံတယောက်ဖြစ်တဲ့ ဦးတိုးက “ဖြန့်ကြက်ထားတဲ့ နေရာတွေကတော့ တော်တော်များတယ်။ အဓိက Main ကျတာကတော့ မန္တလေးနန်းတွင်း လပခ၊ ဒုတိယ Main ကျတာက မန္တလေးတောင်ရဲ့မြောက်ဘက် ၉၅၊ ကပ်ရပ်က ၉၁၀ ရှိတယ်။ နောက်တခါ ပပန လို့ခေါ်တဲ့ဟာ ရှိတယ်။ အဲဒါက ဒုတိယကျတဲ့နေရာ။ နောက်တခါ အဲဒီနေရာကို ထိန်းဖို့က တောင်ပေါ်မှာ လက်နက်ကြီး တင်ထားတယ်။ အဲပေါ်မှာ တစုလောက် ရှိလိမ့်မယ်။ နောက်တခါ မန္တလေးတောင်တဝိုက်က ဘုန်းကြီးကျောင်းတွေမှာလည်းပဲ မိုဘိုင်းပုံစံနဲ့ ၅ ယောက် တဖွဲ့စီ ဖြန့်ပြီးတော့ လှည့်လည်နေတာတွေလည်း ရှိတယ်။ တနည်းအားဖြင့်ပြောရင် နန်းတွင်းကို ကာထားတာလို့ ပြောလို့ရမယ်။ တတိယကျတဲ့နေရာက အုန်းချောဘက်။ အဲဒီမှာ အထက်မြန်မာပြည် ယာဉ်သိုလှောင်ရေးတပ်၊ အဲဒီတပ်ရဲ့ အနောက်မြောက်ဘက်ကျမယ် ဆည်တော်ကြီးမြောင်းဘောင်၊ အဲဒီမှာတပ် ၃ တပ် ရှိတယ်၊ ၁၁၆ ရှိမယ်၊ ၁၁၉ ရှိမယ်၊ ခလရ ၄ ရှိမယ်။ အဲဒါက ပုသိမ်ကြီးမြို့နယ်ထဲ ပါသွားပြီ။ နောက်တခါ ရေတံခွန်တောင်ရှိမယ်၊ ရန်ကင်းတောင်တဝိုက်က ဘုန်းကြီးကျောင်းတွေမှာ ရှိမယ်။ စတုတ္ထနေရာက ဘယ်ကျသွားမလဲ ဆိုတော့ ကျောက်ကြောထိပ်က ၁၆ မိုင်ဂိတ်၊ မန္တလေးရှေ့ဖက် အုန်းချောရဲ့ရှေ့ဘက်က အဲ့ဒီနားမှာ ၇၆ တပ်ရှိမယ်၊ အကျဉ်းဦးစီးရှိမယ်။ အဲဒီနေရာတွေမှာတော့ သူတို့တပ်ဖြန့်ထားတာရှိမယ်၊ ဒါ မန္တလေးအတိုင်းအတာပေါ့” လို့ ပြောပါတယ်။
ဉီးသန်းရွှေလက်ထက် နေပြည်တော် ထူထောင်တာနဲ့တပြိုင်တည်းမှာ လပခလက်အောက် နယ်မြေထဲက မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်း မြို့နယ်တွေမှာ လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ)တွေ ဆက်တိုက် တည်ဆောက်ခဲ့ပါတယ်။
မြိုင်နယ်၊ ပေါက်၊ ဂန့်ဂေါ၊ ဆော၊ ဆိပ်ဖြူ စသဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း တောတောင်ထူထပ်ရာ အရပ်တွေမှာ လက်နက်စက်ရုံတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး ဧရာဝတီ မြစ်ရိုးအတိုင်း သယ်သူအသုံးပြုနိုင်ဖို့ကိုလည်း ထည့်သွင်းတွက်ချက်ထားတာ တွေ့ရပါတယ်။
နိုင်ငံတဝန်း ကပစ စက်ရုံ ၂၅ ရုံထဲက ၁၅ ရုံဟာ မကွေးတိုင်းထဲမှာ တည်ရှိနေပြီး ဒီစက်ရုံတွေမှာ ရိုင်ဖယ်တွေကစပြီး လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ပြင်ဆင်ထားတာပါ။
လတ်တလောမှာတော့ မကွေးနယ်ခံ PDF တွေက ကပစတွေအတွက် အရေးပါတဲ့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “မီးလိုင်းနဲ့ ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်နိုင်တဲ့အတွက်လည်း ထုတ်လုပ်နိုင်မှုအားတွေ လျော့သွားတယ်။ နောက်တခု သိရတာက ရှေ့တန်းစစ်မျက်နှာကို ကပစထဲက အင်အားတွေကို သူတို့ခွဲဝေပြီးတော့ ပို့ပေးနေရတယ်လို့ သိရတယ်ပေါ့။ အဲဒီအခါကျတော့ သူတို့ပြည်တွင်းက ထုတ်လုပ်ရေးကို အားမစိုက်နိုင်ဘဲ ပြည်ပကနေ နည်းလမ်းပေါင်းစုံနဲ့ရအောင် လုပ်ပြီးတော့မှ လောလောဆယ် သွားနေတယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။
၂၀၂၃ အောက်တိုဘာလမှာစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အလယ်ပိုင်တိုင်းစစ်ဌာနချုပ်(လပခ)မှာ တိုင်းမှူး ၃ ယောက်အထိ စစ်ကောင်စီက အပြောင်းအလဲပြုလုပ်ခဲ့ရတာပါ။
စစ်ခေါင်းဆောင်က ဇူလိုင်လဆန်းပိုင်းကမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို ဩဂုတ် ၁၆ ရက်နေ့မှာ ရာထူးကအနားပေးပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ် ခန့်အပ်ထားပါတယ်။
ဩဂုတ်လအတွင်းကလည်း စစ်ခေါင်းဆောင်တွေကိုယ်တိုင် လပခ ကိုလာရောက်ပြီး ကွပ်ကဲစည်းရုံးတာတွေ ပြုလုပ်ခဲ့ပါတယ်။
သုတချမ်းသာ