ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ဖလော်ရီဒါပြည်နယ်၊ ပမ်ဘိချ်မှာရှိတဲ့ သူပိုင်တဲ့ ဂေါက်ကွင်းမှာ ဂေါက်ကစားနေတုန်း ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခဲ့သူကို အရှင်ဖမ်းမိခဲ့တယ်လို့ FBI က ထုတ်ပြန်ပါတယ်။
ထရမ့်ပ် မရောက်လာခင် သူကစားမယ့်ကျင်းတွေ တဝိုက် ရှင်းလင်းပေးရတဲ့ လျှို့ဝှက်အေးဂျင့်တွေက ဂေါက်ကွင်းနယ်နိမိတ် အစွန်းနားက ခြုံပုတ်တွေထဲမှာ သေနတ်သမားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေနတ်ပြောင်းဟာ ခြုံပုတ်ထဲက ထွက်နေတဲ့အတွက် အချိန်မီဟန့်တားနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီခွဲမှာ အေးဂျင့်တွေဟာ သေနတ်သမားနဲ့ ရင်ဆိုင်တွေ့ခဲ့ကြပြီး အနည်းဆုံး ပစ်ခတ်မှု ၄ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ သေနတ်သမားဟာ AK-47 စတိုင်ရိုင်ဖယ်၊ GoPro ကင်မရာ၊ ကျောပိုးအိတ်နဲ့ တခြားပစ္စည်းတွေကို ပစ်ချပြီး အနက်ရောင်နစ်ဆန်းကားနဲ့ ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။
မျက်မြင်ကြုံလိုက်ရသူတယောက်က သေနတ်သမားရဲ့ ကားနဲ့ လိုင်စင်ပလိတ်ပြားကို ဓာတ်ပုံရိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်သမားဟာ ထရမ့်ပ်ဂေါက်ကစားနေတဲ့ နေရာနဲ့ ကိုက် ၄၀၀ ၊ ၅၀၀ အကွာအထိ ရောက်လာခဲ့တာဖြစ်တယ်လို့ ပမ်ဘိချ် ကောင်တီရဲမှူးက ပြောပါတယ်။
အာဏာပိုင်တွေက ယာဉ်နဲ့ပတ်သက်ပြီး တပြည်နယ်လုံးအနှံ့ သတိပေးချက်ထုတ်ခဲ့အပြီးမှာ သံသယရှိသူကို I-95 အမြန်လမ်းပေါ်မှာ လက်ရဖမ်းမိခဲ့ပါတယ်။၊
ထရမ့်ပ်ကတော့ သူ့နယ်မြေအနီးဝန်းကျင်မှာ သေနတ်သံတွေကြားတဲ့အတွက် ကောလာဟာလတွေ မပြန့်ခင်မှာ အသိပေးချင်တာက သူဘေးကင်းကျန်းမာနေတယ်ဆိုတာ ဖြစ်တယ်လို့ မဲဆွယ်အဖွဲ့ကို အီးမေးလ်ပေးပို့ အကြောင်းကြားခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့တုန်းကလည်း ပင်ဆီလ်ဗေးနီးယားပြည်နယ်မှာ ထရမ့်ပ်ကို ပစ်ခတ်ခံလုပ်ကြံခံခဲ့ရပေမဲ့ နားရွက်ကို ရှပ်ထိခဲ့ပြီး မဲဆွယ်ပွဲလာသူတယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကိုလည်း လျှို့ဝှက်အေးဂျင့်တွေက ချက်ချင်းအသေပစ်ခတ်ခဲ့ပါတယ်။
Source-Reuters