Home
မြန်မာသတင်း
မုံရွာနှင့် ပေါင်းတည်တွင် ရိက္ခာသယ်စစ်သားများ တိုက်ခိုက်ခံရပြီး ၈ ဦးသေ
DVB
·
September 15, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာပြီး ရိက္ခာတွေ တင်ဆောင်လာတဲ့ ဖလက်တွဲရေယာဉ် ၂ စင်း တိုက်ခိုက်ခံရလို့ စစ်သား ၄ ယောက်ထက်မနည်း သေဆုံး၊ ဖလက်တွဲ ၁ စင်းကို သိမ်းပိုက်ရရှိခဲ့ပြီး ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ ရိက္ခာလာသယ်တဲ့ စစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ ဖလက်တွဲရေယာဉ် ၂ စင်းကို စက်တင်ဘာ ၁၄ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း သေဆုံးပြီး ဖလက်တွဲ ၁ စင်းကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Chindwin Dynamite - Salingyi တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ဒီကောင်တွေက ကံကြီးကုန်းပျူရွာအတွက် ရိက္ခာနဲ့ လူအင်အားထပ်ပို့ဖို့ အုန်းပင်ဆိပ်မှာ ရပ်ထားတဲ့ ပြည်သူပိုင်စက်လှေ ဖလက်တွဲတွေကို ချောဆွဲလာကြတာကို သတင်းရလို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ သူတို့ ဖလက်တွဲ ၁ စီးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီကောင်တွေဘက်က ၄ ယောက် ထက်မနည်း သေတယ်။ ဒဏ်ရာရတဲ့သူတွေရဲ့ အရေအတွက်တော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိက္ခာပစ္စည်းတွေ တင်ဆောင်လာတဲ့ ဖလက်တွဲတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကမ်းပေါ်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြလို့ PDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

Chindwin Dynamite - Salingyi တပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ပြန်ပစ်တယ်။ ကျန်တဲ့ ဖလက်တွဲ ၁ စီးကတော့ ဆက်တက်သွားပြီး ကံကြီးကုန်း ပျူစခန်းမှာ လူအင်အားနဲ့ စားနပ်ရိက္ခာတွေ ချခဲ့တယ်။ မြစ်ကြောင်းအတိုင်း ဆက်တက်သွားတဲ့ အဲဒီဖလက်တွဲကို ဆားလင်းကြီးမြို့နယ်ရေပိုင်နက်ထဲမှာ အဲဒီဘက်က PDF တွေက ထပ်ပြီး တိုက်ခိုက်ခဲ့ကြသေးတယ်။ အဲဒီ အခြေအနေကိုတော့ မသိရသေးဘူးဗျာ” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို Chindwin Dynamite - Salingyi၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ - Salingyi၊Fighter Nine Force - Salingyi၊ SRA အောင်ကြီး - Salingyi တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာတော့ သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြားမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က ရိက္ခာလာသယ်တဲ့စစ်ကြောင်းကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား အယောက် ၇၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက သစ်ပုတ်ရွာအထိုင်စခန်းကနေ ပြန်ချီတက်ရွာမှာ ရိက္ခာလာဆင်းယူတာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၄ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ရဲ့ တာဝန်ရှိသူကပြောပါတယ်။

“သူတို့ ရိက္ခာဆင်းသယ်တာကို ကြိုသတင်းရလို့သွားစောင့်ပြီး သူတို့အပြန်မှာ မိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပြီးတော့ ဒီဘက်မှာ ရိက္ခာကို သူတို့က လူနဲ့ပဲဆင်းသယ်တာ။ ကားလမ်း‌တွေကလည်း မပေါက်တော့ ကားနဲ့မသယ်ဘူး။ သစ်ပုတ်ရွာမှာကလည်း ဈေးဆိုင်တွေ ဘာတွေမရှိတော့ ပြန်ချီတက်ရွာဘက်ကို ဆင်းပြီးဈေးလာဝယ်ကြတာ” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်း ၈ လုံးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မွန်းတည့် ၁၂ နာရီမှာ လာရောက်သယ်ယူသွားတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ပုခက်တွေ၊ ထမ်းစင်တွေနဲ့ လာသယ်သွားတာကို မျက်မြင်တွေ့တဲ့သူတွေ ရှိပါတယ်။ သူတို့ကို အထိုင်စခန်းရှိတဲ့ သစ်ပုတ်ရွာကိုပဲ သယ်သွားကြတာ” လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လာဆုတ်ခွာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့ကလည်း သစ်ပုတ်ရွာနဲ့ ပျံချီတက်ရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ ရဲဘော်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013