ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ ပျံချီတက်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ဝင်ရောက်မီးရှို့ခဲ့ပြီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်သားနဲ့ ရဲတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ ကျပ်ထိုးနယ်မြေရဲစခန်းနဲ့ ဘန်ကာတွေကို သြဂုတ် ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်က ဝင်ရောက်ရှင်းလင်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပေါင်းတည်မြို့နယ၊ ပျံချီတက်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တိုက်ပွဲမဖြစ်ဘဲ ရွာတောင်ပိုင်းက လူနေအိမ် ၂၂ လုံးနဲ့ ကား ၁ စီး၊ ဆန်စက် ၂ လုံး၊ အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ ဝက် အကောင် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ရွာခံတယောက်က “၁၉ ရက်နေ့တည်းက ဘုန်းကြီးကျောင်းထဲကို ရောက်နေတာလို့ မီးရှို့ခံရပြီးမှ သိရတာ။ ဘုန်းကြီးနဲ့ ကပ္ပိယကို ရွာထဲကသူတွေ မသိစေနဲ့လို့ပြောပြီး ဆွမ်းခံမထွက်ခိုင်းဘူးပေါ့ဗျာ။ နေ့လယ်ပိုင်းကျ ရွာတောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ ရွာခံတွေလည်း ပြေးကြရတာပေါ့။ ပစ်ခတ်ပြီးတော့ ရွာကို မီးရှို့သွားတာ” လို့ DVB ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့် အခုလိုဖျက်ဆီးတယ်ဆိုတာ မသိရဘဲ ရွာပတ်ဝန်းကျင် ၁၀ မိုင်ကျော်အတွင်း တိုက်ပွဲဖြစ်ပွားတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လှုပ်ရှားတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခံရလို့ အိုးအိမ်မဲ့ရတဲ့ ရွာခံ ၇၀ ကျော်ဟာ ရွာအနီးက တောထဲ သွားရောက်နေထိုင်နေရပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ထပ်ပြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ ကမ္မမြို့နဲ့ မြစ်ခြေမြို့ကို ဆက်သွယ်ထားတဲ့လမ်းပေါ်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ ကျပ်ထိုး နယ်မြေရဲစခန်းကို သြဂုတ် ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်က ဝင်ရောက်ရှင်းလင်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ABSDF စစ်ကြောင်း ၃ ရဲ့ တာဝန်ခံတယောက်က “သူတို့စခန်းထဲကိုဝင်ရှင်းတော့ ဆန်၊ ဆီနဲ့ ရိက္ခာတွေ တွေ့လို့ သိမ်းဆည်းခဲ့ပါတယ်။ အဆောက်အဦ ကြီးတာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဘန်ကာတွေကိုတော့ ဘူဒိုဇာနဲ့ထိုးပြီးဖျက်ဆီးခဲ့ပါတယ်” လို့ DVB ကိုပြောပါတယ်။
ကျပ်ထိုးနယ်မြေရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၂၂ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြတာဖြစ်တယ်လို့ သိရပါတယ်။
ABSDF စစ်ကြောင်း ၃ ရဲ့ စစ်ကြောင်းမှူးတယောက်က “သူတို့စခန်းကို ဝင်တိုက်မယ်လုပ်တော့ အဲဒီစခန်းက အင်အား ၂၀ လောက်က သေနတ်တွေဖောက်ပြီး ထွက်ပြေးသွားကြလို့ ခဏပဲ တိုက်လိုက်ရတယ်။ ထွက်ပြေးသွားတဲ့ကောင်တွေက ညောင်ဂျစ်ပင် ပျူရွာစခန်းကို သွားပူးပေါင်း ကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ကျပ်ထိုးနယ်မြေရဲစခန်းကို နယ်မြေရှင်းရာမှာ ABSDF စစ်ကြောင်း ၃ နဲ့အတူ ဒေသခံ တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။