Home
မြန်မာသတင်း
မြစ်ခြေ၊ ကသာနှင့် ပေါင်းတည်တို့တွင် စစ်ကောင်စီဂိတ်နှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရ
DVB
·
May 9, 2024
PaungDePDF_09052024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ မြစ်ခြေ-ကမ္မလမ်းဆုံက စစ်တပ်ဂိတ်ကို မေ ၈ ရက် မနက် ၁၀ နာရီ၀န်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး လက်ပြတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။ 

“ဒရုန်း ၆ စီးနဲ့ ဗုံးသီးအလုံး ၃၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၂ ယောက်ကတော့ နေရာမှာတင် သေတယ်။ လက်ပြတ်တာက တယောက်” လို့ ဆိုပါတယ်။

ဒေသခံတဦးက “ဗုံးကွဲသံတွေ ကြားရပြီး စစ်သားတွေဘက်က ပြန်ပစ်တဲ့ သေနတ်သံတွေလည်း ကြားရတယ်။ နေ့လယ် ၁၂ ၀န်းကျင်လောက်မှာ ပခုက္ကူက နာရေးကားတွေ အလောင်း ၂ လောင်း လာတင်သွားတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းကလည်း မြစ်ခြေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံလိုက်ရပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာလည်း မေ ၈ ရက် မနက်ပိုင်းက ကင်းလှည့်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့ နီးစပ်နေတဲ့ ကျေးရွာတွေကို နယ်မြေထိန်းသိမ်းဖို့ ကင်းလှည့်နေတဲ့ စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် ၇ နာရီလောက်က တိုက်ပွဲစဖြစ်တာ။ ပေါမမြိုင် ကျေးရွာဘက်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ကြတာ ၂ နာရီလောက် ကြာတယ်။ နှစ်ဖက် အကျအဆုံးတော့ မသိရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါမမြိုင်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာကြောင့် ပေါမမြိုင်ကျေးရွာအပြင် ကပ္ပလိပ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ငလယ်အင်းကျေးရွာ၊ နံ့သာကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ပေါမမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၇၀ ကျော် ဘုန်းတော်ကြီးတပါး ပျံလွန်တော်မူခဲ့ပြီး လူနာတင်ယာဉ်တစီး ထိခိုက်ပျက်စီးခဲ့ပါတယ်။

မေ ၈ ရက်နေ့၊ ည ၇ နာရီ၀န်းကျင်ကလည်း ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး​ပြီး ၂ ဦးဒဏ်ရာရတယ်လို့ ၃၆၀၁ PPDF တပ်ရင်း တာဝန်ခံတဦးက ကြောပါတယ်။

၃၆၀၁ PPDF တပ်ရင်းရဲ့ တာ၀န်ခံတဦးက “‌ေ-း ၂၂ ကောင်ပါတဲ့ စစ်ကြောင်းကို သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြားက ကျောက်တောင်နားမှာ ပဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့​တာ။ ၂ ကောင်သေပြီး ၂ ကောင် ဒဏ်ရာရသွားတယ်” လို့ DVB ကို ပြောပါတယ်။

ပေါင်းတည်မြို့နယ်ထဲက သစ်ပုတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်အထိုင်စခန်းကနေ တပ်သားအင်အား ၂၂ ဦးနဲ့  ပြန်ချီတက်ကျေးရွာကို ထွက်ခွာလာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဒီကောင်တွေဘက်က မိုင်းထိတော့ ပတ်ချာလည်ကို သေနတ်တွေနဲ့ ရမ်းပစ်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တာပေါ့” လို့ ၃၆၀၁ PPDF တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ၃၆၀၁ PPDF တပ်ရင်းနဲ့ တပ်ရင်းလက်အောက်ခံ တပ်ခွဲတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ စုပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo - ၃၆၀၁ PPDF တပ်ရင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013