ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီး ကျေးရွာတွေကို စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ပြီး လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ဒါ့အပြင် မြို့ပတ်လည်ကိုလည်း စစ်ကောင်စီတပ်တွေက ပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်စည်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီ ၁၇ ရက်ကစပြီး သံတွဲ-တောင်ကုတ်လမ်းမပေါ်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေရာကနေ မေ ၇ ရက်ကတော့ သံတွဲမြို့နဲ့ ၁၀ မိုင်ကျော်လောက်သာဝေးတဲ့ လင်းသီရွာကို လက်နက်ကြီးတခု ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လင်းသီရွာအနီးကျေးရွာသား တဦးက ပြောပါတယ်။
“မနေ့က ဗုံးကြဲတာကတော့ ပြွန်ခေါင်တောင် လယ်ကွင်းတွေ ဝိုင်းထားတဲ့တောင်ပေါ့၊ အဲဒီနေရာကို သူတို့ ဗုံးကြဲတာပေါ့။ သူတို့ယူဆချက်ကတော့ AA တပ်ဖွဲ့တွေ ရောက်နေတယ်လို့ ယူဆလို့ ဗုံးကြဲတာ ဖြစ်မယ်လို့တော့ ကျနော် ထင်တာပဲ။ အဲမှာက လက်နက်ကြီးနဲ့လည်း ပစ်တာ၊ မနေ့ကတော့ ဗုံးကြဲတာ ဒီနေ့ကလည်း အဲဒီဘက်ကို ပစ်ခတ်တာတွေလည်း ရှိသေးတယ်။ မနေ့ကဆိုရင် လင်းသီရွာထဲမှာ လက်နက်ကြီးတခု မော်တာကြီးတခု ကျရောက်ပေါက်ကွဲတာ ရှိတယ်၊ စစ်တပ်တွေက ရပ်ကွက်တွေထဲမှာပဲ နေတယ်။ ရပ်ကွက်တွေထဲကို ရောက်လာပြီးတော့ တဖက်နဲ့တဖက် ပစ်ကြခတ်ကြလို့ရှိရင် ရပ်ကွက်တွေကို လက်နက်ကြီးတွေ ဗုံးကြဲတာတွေ ဖြစ်လာရင် ပြည်သူတွေအနေအထားက ရှေ့ဆက်ပြီး လုံခြုံမှုက စိုးရိမ်ရတဲ့ အနေအထားမျိုး ရှိလာလိမ့်မယ်။”
ရက္ခိုင့်တပ်တော် (AA) တပ်တွေတွေ ရှိမယ်လို့ ထင်ရတဲ့ ချောင်းလည်တောရွာအနီးက ပြွန်ခေါင်တောင်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက် ဗုံးကြဲတာဖြစ်ပြီး အနီးက သပြုချိုင်နဲ့ လင်းသီရွာကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
သံတွဲမြို့နဲ့ နီးကပ်လာတဲ့ တိုက်ပွဲသံတွေကြောင့် မြို့ပေါ်ဒေသခံတွေက တခြားရွာတွေဆီ တိမ်းရှောင်လိုပေမဲ့ စစ်ကောင်စီက မြို့ပြင်နေရာတိုင်းမှာ ပိတ်ထားတဲ့အတွက် ထွက်မရဘူးလို့ သံတွဲမြို့ဒေသခံတဦးက ပြောပါတယ်။
“ဒေသခံတွေဆိုတာ မြို့ပေါ်ရပ်ကွက်တွေပေါ့ အဓိက ကတော့၊ မြို့ပေါ်ဆိုတော့ တောတောင်လည်း မရှိဘူး။ ပြေးရမယ့်နေရာလည်း မရှိဘူး။ ဗုံးခိုကျင်း တူးရလောက်အောင်လည်း မြေမရှိဘူး။ ပြေးစရာလည်း မြေမရှိသလို ဖြစ်နေတာ၊ အသံကြားရင် အထုပ်ထုပ်ပြီး ဘယ်ပြေးရမလဲ ဆိုပြီးပေါ့။ ကိုယ်တွေမှာက တခြားနေရာကိုလည်း မပြေးနိုင်ဘူးလေ။ မြို့တွင်းကနေပေါ့ မြို့ပြင်ဘက် ရွာတွေဘက်ကို ပြေးမယ်ဆိုရင်လည်း မြို့အပြင်ဘက်တိုင်းမှာ နေရာတိုင်းမှာ အစောင့်တပ်တွေ ရှိတယ်။ အစောင့်တွေ ထားတဲ့အခါကျတော့ မြို့တွင်းကနေ မြို့ပြင်ကိုလည်း ပြေးလို့မရဘူး။”
တိုက်ပွဲသံတွေနဲ့ စစ်တပ်ရဲ့ မြို့ကို ပိတ်ဆို့ဖြတ်တောက်ထားမှုတွေကြောင့် ကုန်စည်စီးဆင်းမှုတွေကလည်း ရပ်တန့်နေပြီး သံတွဲမြို့တွင်းမှာ ကုန်ပစ္စည်းနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၃ ရက်လောက်တုန်းကတော့ တနေကုန်ပစ်နေတာ။ အမြောက်ပစ်သံတွေ ကြားနေရတယ်။ ၂ ရက်လောက်တော့ ရှိပြီ။ ဒီနေ့ဆို လေးကြိမ်လောက်ပဲ ကြားရတယ်။ ဟိုနေ့ကဆို ၂ ကြိမ်လောက်ပဲ ကြားရတယ်။ တခါတလေကျ rocket နဲ့ပစ်တဲ့အသံ တခါတလေကျရင် မော်တာနဲ့ပစ်တဲ့အသံ ရှိတယ်။ မျိုးစုံပါပဲ၊ ပြတ်လပ်တာ ရှားပါးတာတွေကတော့ အလုံးစုံပေါ့။ ပြည်မက သွင်းတဲ့ပစ္စည်းအားလုံး အလုံးစုံပေါ့ စားကုန်သောက်ကုန်က အစ ဆေးဝါး၊ လမ်းကိုပိတ်ထားတော့ အလုံးစုံကို ပြတ်တောက်နေတာ။”
ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ နဲ့ ရမ်းဗြဲမြို့ကို AA က သိမ်းယူထားနိုင်ပြီး သံတွဲမြို့အနီးမှာတော့ ပြီးခဲ့တဲ့ ဧပြီလမှာမှ တိုက်ပွဲတွေ စတင်လာခဲ့တာဖြစ်ပါတယ်။