Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာ စစ်ကောင်စီ ထုတ်ဖော် မပြောရဲသေး
DVB
·
May 9, 2024
DASKK-President-U-Win-Myint

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးအကျဉ်းချထားတယ်ဆိုတာ ခုချိန်အထိ အတည်မပြုနိုင်သေးဘူးလို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

နိုင်ငံခေါင်းဆောင် ၂ ဦးတို့ကို အကျဉ်းထောင်တွေကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့  စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၆ ရက်မှာ ပြောဆိုခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ဘယ်နေရာကို ပို့ဆောင်ထားတယ်ဆိုတာကို စစ်ကောင်စီဘက်က အတည်ပြုချက်မပေးတော့ဘဲ သတင်းထိမ်ချန်ထားခဲ့သလို နိုင်ငံ့ခေါင်းဆောင်တွေဟာ ရှေ့နေအဖွဲ့နဲ့လည်း လက်ရှိအချိန်အထိ တွေ့ဆုံခွင့်မရသေးပါဘူး။

နောက်ဆုံးရတဲ့သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲမှာပဲ ရှိနေသေးတယ်လို့ နီးစပ်သူတယောက်က ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ဟိုတလောက ရွှေ့တယ်ဆိုတာတော့ မဟုတ်တာဘဲ သိတယ်၊ အချုပ်ထောင်ထဲမှာပဲ ရှိတယ်၊ ဒီ ၁ ရက် ၂ ရက်အတွင်းမှာတော့ ကျနော်တို့ အတိအကျမသိရသေးဘူး။ အရင်ရက်ကတော့ မဟုတ်ဘူး အချုပ်မှာပဲရှိတယ်”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်မပို့ခင်က ထိန်းသိမ်းခဲ့တဲ့ လျှို့ဝှက်နေရာကို ပြန်ပို့ထားပြီး သမ္မတဦးဝင်းမြင့်ကိုတော့ တောင်ငူထောင်ကနေ နေပြည်တော်ကနေ အကျဉ်းထောင် မပို့ခင်နေရာကို ပြန်ပို့ထားတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းမှာ နှံ့စပ်သူတယောက်က အခိုင်အမာပြောဆိုပေမယ့် အထောက်အထားတော့ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးဝင်းမြင့်တို့ကို အကျဉ်းထောင်တွေဆီမပို့ခင် ထိန်းသိမ်းခဲ့တဲ့ နေရာတွေကို အရင်ကတည်းက စစ်ကောင်စီက လျှို့ဝှက်ထားခဲ့ပါတယ်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “နေရာတော့ ကျနော်တို့ အတိအကျမသိဘူးပေါ့။ ကျနော်တို့ ခန့်မှန်းထားတာတော့ မူလ သူတို့ကို စတင်ထိန်းသိမ်းစဉ်ကထားခဲ့တဲ့ နေအိမ်မှာပဲလို့ အကြမ်းဖျင်းတော့ သိထားပါတယ်။ နေပြည်တော်အချုပ်ထောင်ထဲမှာ မရှိတော့ဘဲနဲ့ အပြင်တနေရာမှာတော့ ပြောင်းရွှေ့ပြီးထားတယ်လို့ ကျနော်တို့ သိထားပါတယ်”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့က နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အချိန် ၁ နှစ်နဲ့ ၅ လနီးပါး အဆက်အသွယ်ပြတ်နေခဲ့တာပါ။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုကောလ်နဲ့ စကားပြောခွင့်ပေးဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က မေ ၇ ရက်မှာ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ 

ထိုင်းအာဏာပိုင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တာကို ကြိုဆိုကြောင်း ပြောဆိုမှုတွေရှိခဲ့ပြီး ပြန်လွှတ်ပေးဖို့ တိုက်တွန်းချက်တွေလည်း ရှိခဲ့ပါတယ်။ 

အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ဦးတည်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီတို့ကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ပြန်တင်နိုင်ဖို့ ရည်ရွယ်တာမျိုးဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က “ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီနဲ့ ဆွေးနွေးမယ်ဆိုရင် လက်မခံတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲနော်၊ အများကြီးပဲ။ လက်နက်ချပြီးတော့ စစ်တန်းလျားကို ပြန်ပါမယ်ဆိုတာမှအပ ဆွေးနွေးစရာမရှိဘူးတဲ့” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုဝန်ကြီးအဆင့်နေအိမ်ကို ပြောင်းထားမယ်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ပြောင်းထားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

အသက် ၇၈ နှစ်အရွယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင် အခန်းကျဉ်းထဲမှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရတာပါ။ အသက် ၇၂ နှစ်အရွယ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ စစ်ကောင်စီက တောင်ငူထောင်မှာ ထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရပါတယ်။ 

သုတချမ်းသာ

ဆက်စပ်သတင်းများ—

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013