မြန်မာပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဟာ အင်တာနက် ဖြတ်တောက်ခံရမှု အခက်အခဲတွေ ရင်ဆိုင်နေရပြီး ပြည်တွင်းရှိ သတင်းထောက်တွေဟာလည်း လုံခြုံရေး ပြဿနာတွေနဲ့အတူ အခက်အခဲ စိန်ခေါ်မှုတွေ များစွာ ရင်ဆိုင်နေကြရပါတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၃ နှစ်စ်တာကာလအတွင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေဟာ ပိုမိုဆိုးရွားနေပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၄ ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခ စစ်ရေးအခြေအနေတွေက ပိုမိုပြင်းထန်လာနေပြီး စစ်ရှောင်လူဦးရေကလည်း တနှစ်ထက်တနှစ် တိုးလာနေပါတယ်။ ဒီလို အခြေအနေတွေမှာ ပြည်သူတွေဆီ သတင်းမှန်ရရှိရေး ကြိုးစားနေကြတဲ့ သတင်းသမားတွေနဲ့ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ရပ်တည်နိုင်မှု အခြေအနေတွေကလည်း တနေ့တခြား ဆိုးရွားလာနေပါပြီ။
ကယန်းဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ ပေါင်းလောင်းမီဒီယာက သတင်းထောက် ကိုလွင်မိုးကတော့ သူ နေရာထိုင်ရာ ဒေသဟာ မီဒီယာအားနည်းတဲ့ ဒေသတခုဖြစ်ပြီး ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ ဖက်ဒရယ်အိပ်မက်တွေ၊ အသံတွေ၊ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ဖော်ထုတ်ချင်တယ်လို့ ဆိုပါတယ်။ ကိုလွင်မိုးဟာ ဒေသတွင်း သတင်းတွေကို ပြည်သူတွေဆီ သတင်းမှန်ရရှိရေးကို အခက်အခဲပေါင်းများစွာ ကျော်ဖြတ်ပြီး လုပ်ဆောင်နေရပါတယ်။
ပေါင်းလောင်းမီဒီယာ သတင်းထောက် ကိုလွင်မိုးက “အဓိကကတော့ အင်တာနက် ဖြတ်တောက်ခံရမှုတွေက အဓိကပြဿနာပဲ၊ သတင်းမီဒီယာအတွက်ကတော့။ နောက်တခုက လမ်းပန်းဆက်သွယ်ရေးပေါ့။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေက သတင်းအချက်အလက်တခုကို လိုချင်တဲ့အခါမှာ ကျနော်တို့ လူကိုယ်တိုင် ဆင်းရတယ်ပေါ့။ အဲဒီတော့ သတင်းနှောင့်နှေး ကြန့်ကြာမှုတွေလည်း အများကြီး ကြုံရတာတွေ ရှိတယ်ပေါ့နော်။ နောက်တခုကကျတော့ ဒီ အစစ်အဆေး များတာတွေပေါ့နော်။ ကျနော်တို့ ဖြေရှင်းရ ခက်ခဲတာတွေလည်း ကြုံရတယ်ပေါ့နော်။ နောက်တခုက လုံခြုံရေး အာမခံချက် မရှိတာတွေပေါ့နော်။ ဒါတွေက အဓိက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေပါပဲ”လို့ ပြောပါတယ်။
တချိန်က လွတ်လပ်တဲ့ ပြည်တွင်းပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေပြီး သတင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖြန့်ဝေခဲ့ကြပေမယ့် အာဏာသိမ်းပြီး ၄၅ ရက်အကြာ မတ်လ ၁၇ ရက် ၂၀၂၁ ခုနှစ်မှာတော့ ပုဂ္ဂလိက သတင်းစာတွေ အားလုံး ထုတ်ဝေခြင်းမရှိဘဲ ရပ်နားခဲ့ရပါတယ်။
ရန်ကုန်အခြေစိုက်မီဒီယာတခုမှ သတင်းထောက်တယောက်က “ပြည်တွင်းမှာလည်း သတင်းစာက တော်တော်နည်းသွားပြီ။ သတင်းစာတွေက ကျနော်တို့ အရင်တုန်းကဆိုရင် ကျနော်တို့ ဘယ်လိုပြောရမလဲ သတင်းတပုဒ်ရဲ့ တန်ဖိုးက မရှိတော့ဘူး။ သတင်းစာတွေက သူတို့ စိတ်ကြိုက်ဟာတွေပဲ ကြည့်ဖတ်နေရတယ်၊ သတင်းစာတွေက ပျင်းဖို့တောင် ကောင်းတယ်။”
အာဏာသိမ်းကာလအတွင်း ပြည်တွင်းက ပုဂ္ဂလိက သတင်းစာတွေ ရပ်နားခဲ့ရပေမဲ့ အွန်လိုင်းကနေတော့ သတင်းဖော်ပြနေတဲ့ သတင်းမီဒီယာတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ရပ်တည်ဖို့ အခက်အခဲတွေ အန္တရာယ်တွေ များစွာကို ရင်ဆိုင်နေရပါတယ်။
ပြည်တွင်းရှိ သတင်းထောက်တယောက်က "ပြည်တွင်းက အခြေအနေ သတင်းသမားတွေအတွက်ကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာက ဒီကာလမှာ လုံးဝမရှိဘူး။ အရင်တုန်းကလို လွတ်လွတ်လပ်လပ် သတင်းယူခွင့်တွေ ဘာတွေ ဆိုတာက အခုကာလမှာ ပျောက်ဆုံးနေတယ်လို့ ပြောလို့ရတယ်။ သူတို့ပြောတဲ့ သတင်းကိုရေး၊ သူတို့ ထုတ်ပြန်တဲ့ဟာကိုရေး against လုပ်လို့ မရဘူး။ အဓိကကတော့ သူတို့နဲ့ မငြိအောင် ရေးနိုင်ရင်တော့ ရပ်တည်လို့ ရတာပေါ့”လို့ ပြောပါတယ်။
RSF စာရင်းအရ စစ်တပ် အာဏာသိမ်းကာလအတွင်း သတင်းသမား ၆၃ ယောက် ဖမ်းဆီးခံထားရပြီး ၅ ယောက်က သတ်ဖြတ်ခံခဲ့ရပါတယ်။
ဩဂုတ် ၂၁ ရက်နေ့တုန်းကလည်း ကျိုက်ထိုမြို့နယ်မှာ အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူ နေအိမ်ကို စစ်ဆေးမေးမြန်းမှုမရှိဘဲ စီးနင်းဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် DVB သတင်းဌာနရဲ့ CJ သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြက်သူတို့ဟာ သေဆုံးခဲ့ရပါတယ်။
မြတ်သဇင်