Home
နိုင်ငံတကာ
ဟောင်ကောင်သတင်းထောက်များ ပစ်မှတ်ထား အနှောင့်အယှက်ပေးခံနေရ 
DVB
·
September 15, 2024
Photo - REUTERS/Joyce Zhou

ဟောင်ကောင်ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာနဲ့ သူတို့ရဲ့ မိသားစုတွေဟာ ဇွန်လကစတင်ပြီး လွန်ခဲ့တဲ့ ၃ လ အတွင်း အွန်လိုင်းမှာရော၊ လူကိုယ်တိုင်ကိုပါ နှောင့်ယှက်ခြိမ်းခြောက်တာ ခံခဲ့ရကြောင်း ဟောင်ကောင်သတင်းထောက်များအသင်း (HKJA)က စက်တင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ပစ်မှတ်ထားခံရတဲ့ သတင်းထောက်တွေ၊ မီဒီယာကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေမှာ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာ ၁၃ ခု၊ အကြီး၊ အလတ်စားနဲ့ အသေးစား အဖွဲ့အစည်းတွေ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၁၅ ခုကို သက်ရောက်မှုရှိနေတာကို သတိပြုမိကြောင်းနဲ့ HKJA အမှုဆောင်ကော်မီတီ၊ ဟောင်ကောင် Free Press ၊ ဟောင်ကောင် အင်န်မီဒီယာ၊ ဟောင်ကောင် ဖီချာနဲ့ သတင်းစာပညာပညာပေးအဖွဲ့အစည်း ၂ ခုတို့လည်း ပါဝင်တယ်လို့ HKJA ဥက္ကဋ္ဌ ဆယ်လီနာချန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အနည်းဆုံး သတင်းထောက် ၁၅ ယောက်၊ သူတို့ရဲ့ မိသားစုတွေနဲ့ အိမ်ပိုင်ရှင်တွေ၊ ပရဟိတလုပ်ငန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ အပါအဝင် အသင်းအဖွဲ့တွေဟာ အီးမေးလ်ကနေ ပေးပို့တဲ့ အမည်မသိ တိုင်ကြားချက်တွေနဲ့ သူတို့ကိုယ်သူတို့ မျိုးချစ်တွေလို့ တံဆိပ်ကပ်ထားတဲ့သူတွေဆီထံကနေ စာတွေကို လက်ခံရရှိခဲ့ပြီး တချို့သတင်းထောက်တွေနဲ့ သူတို့ရဲ့အပေါင်းအဖော်တွေကို သီးသန့်ဖေ့စ်ဘွတ်ခ်ဂရု(ပ်) တွေကနေ ပစ်မှတ်ထား တိုက်ခိုက်နေကြတာပါ။

အဲဒီစာတွေနဲ့ အီးမေးလ် အတော်များများမှာတော့ တကယ်လို့ ဒီပုဂ္ဂိုလ်၊ ဒီလုပ်ငန်းအဖွဲ့အစည်းဟာ ဒီသတင်းထောက်တွေနဲ့ သူတို့ရဲ့မိသားစုတွေနဲ့ ဆက်လက် ချိတ်ဆက်နေမယ်ဆိုရင် ဒါဟာ ပုဒ်မ ၂၃ လိုမျိုး ဥပဒေတွေကို ချိုးဖောက်ပြီး နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေနိုင်တယ် စသဖြင့် ရေးထားတာ လို့ ဆိုပါတယ်။

ဒါ့အပြင် တမင်စော်ကားရန်စတဲ့ အွန်လိုင်းပို့စ် ဖန်တီးသူတွေဟာ ဖေ့စ်ဘွတ်ခ်နဲ့ ဝီကီပီဒီးယား တို့ကို အသုံးပြုပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ အပါအဝင် အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ပြုလုပ်လာကြတယ်လို့လည်း ဆလီနာချန်းက ပြောပါတယ်။

ဒီဖြစ်ရပ်တွေကြောင့် သူတို့ဟာ မက်ထာနဲ့ ဝီကီပီဒီးယား ဖောင်ဒေးရှင်းတွေဆီ ဆက်သွယ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ကြောင်း HKJA က ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့၊ ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ ကော်မရှင်နာရုံး၊ ဝီကီမီဒီယာ ဖောင်ဒေးရှင်း Trust & Safety နဲ့ ဖေ့စ်ဘွတ်ခ်ပိုင်ရှင် မက်ထာတို့က မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်းပြန်ခြင်း မရှိပါဘူး။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013