လီယွန်နယ်မက်ဆီ ရဲ့အဆင့်အတန်းကို မီဖို့ မဖြစ်နိုင်ကြောင်း စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် လာမိန်း ယာမယ်က ပြောသွားပါတယ်။
ယာမယ်ဟာ မက်ဆီလိုပဲ ဘာစီလိုနာရဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ဘာစီလိုနာအတွက် ၅၅ ပွဲ ကစားထားတာပါ။
ယာမယ် ဟာ ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း စပိန်အသင်းနဲ့အတူ ခြေစွမ်းပြကစားပြီး ချန်ပီယံဆုဖလားရ ယူနိုင်ခဲ့လို့ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံထားရသူပါ။
မက်ဆီလို သမိုင်းတလျှောက် အကြီးမြတ်ဆုံးကစားသမားတယောက်နဲ့ နိူင်းယှဉ်တာကို သဘောကျပေမဲ့လည်း ကိုယ်ပိုင်ကစားဟန်ပဲ ရှိချင်ကြောင်း၊ မက်ဆီရဲ့ အဆင့်အတန်းရောက်ဖို့ကလည်း မဖြစ်နိုင်ကြောင်း ယာမယ်က စပိန်ရုပ်သံ တခုနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
ဘာစီလိုနာကနေ ထွက်ခွာဖို့ ဘယ်တော့မှ စဉ်းစားမှာမဟုတ်ကြောင်းနဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်ချင်ကြောင်း ယာမယ်က ပြောသွားပါတယ်။