(က)
“မင်းတို့အဘ နေကောင်းလား စိမ်းမောင်”
“ဘယ်ကအဘလဲဟ မူးသာရ”
“ဘယ်သူရှိရမလဲ ဟကောင်ရ၊ ကြင်စိုး သာဝ မအလကြီး ပေါ့”
“အဲ . . .”
“နေမကောင်းဘူး ကြားလို့ဟ”
“သွားနေ လာနေတာတော့ TV မှာ တွေ့နေရတာပဲ မူးသာရ”
“အိပ်ရာထဲ လဲနေတာမျိုး မဟုတ်ဘူးဟ၊ သွားသွားလာလာနဲ့ ကုမရတော့တဲ့ ‘နာဆစ်စစ်’ ရောဂါ ဖြစ်နေတာတဲ့”
“ကုမရတော့တဲ့ ‘နာဆစ်စစ်’ ရောဂါဆိုတာ ဘာကင်ဆာလဲဟ”
“လေ့လာ စောင့်ကြည့်သူ ပညာရှင်တွေ ပြောကြတာကတော့ ‘Fragile Narcissists’ တဲ့”
“အဲဒါ ဘယ်လိုရောဂါလဲဟ”
“ကမ္ဘာ့ပညာရှင်တွေ ပြောချက်အရ ဗမာလိုပြောရရင်တော့ ‘စိတ္တဇလူသတ်သမား’ ေတွမှာ တွေ့ရတတ်တဲ့ ရောဂါတဲ့ဟ”
“ဟေ . . .”
“အတိုကောက်က NPD ဖြစ်ပြီး အရှည်ကတော့ Narcissistic Personality Disorder လို့ ခေါ်သတဲ့ဟ”
“အဲဒီရောဂါရှင်တွေက ဘယ်လိုမျိုးတွေလဲ”
“ဒီလိုတဲ့ကွ၊ စိတ်ဝေဒနာ ရောဂါတမျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးတယ်၊ ကိုယ့်ကိုယ်ကိုယ် ကယ်တယ်ရှင်ကြီးအဖြစ် ထင်မှတ်တယ်၊ ကိုယ်ကသာ အရေးကြီးသူ၊ စွမ်းဆောင်နိုင်သူလို့ စိတ်ထဲမှာ ထင်မှတ်နေပြီး စိတ်ပုံမှန်မဟုတ်တော့တဲ့ အခြေအနေ ခံစားနေရတဲ့ ဝေဒနာသည်တဲ့ကွ”
“အဲ . . . ဟုတ်ရဲ့လားကွာ”
“ကမ္ဘာ့ပညာရှင် ပါရဂူတွေက မအလ အာဏာသိမ်းကတည်းက သူ့ကို စောင့်ကြည့် အကဲခတ် လေ့လာပြီး တညီတညွတ်တည်း သုံးသပ်ကြတာလေကွာ”
“အေးကွ . . . ထင်တော့ထင်သား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
တဝိုင်းလုံး ရယ်ချကြတော့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က မျက်မှောင်ကြုတ်ကာ “ဘာရယ်တာလဲ” ဟု မေးပါ၏။
“ကြင်စိုးရဲ့လူက ‘ထင်တော့ထင်သား’ လို့ ထောက်ခံမှတ်ချက် ပေးလာတော့ ရယ်မိတာပေါ့ဟ” ဟုဆိုကာ ထပ်မံ၍ ရယ်ကြပြန်ပါလေ၏ ခင်ဗျာ။
“ဟား ဟား ဟား ဟား ဟား ဟား”
ပညာရှင်တွေ၏ သုံးသပ်ချက်မှာ ကွက်တိ အနေအထားပင် ဖြစ်ပါပေ၏လို့ အရွှင်အဘေတွက မှတ်ချက်ပြုကြပါ၏။ အခုရက်ထဲမှာပဲ မအလ၏ ရောဂါမှာ ပိုမိုဆိုးရွားလာပြီး “တတိုင်းပြည်လုံးကို ဗုံးကြဲမယ်” အထိ လေသံပစ်လာလေရာ သည်အရူးကို လက်ဦးမှုရယူထားပါမှ ဖြစ်မည့်အခြေအနေပါတဲ့ ခင်ဗျာ။
“မင်းတို့အဘ ကြင်စိုး သာဝ မအလဟာ မြေပြင်မှာ စစ်သားပီပီ ယောကျ်ားဆန်ဆန် ရင်ဆိုင်မတိုက်ရဲတော့ဘဲ လေယာဉ်ပေါ်ကနေပဲ ဗုံးတွေကြဲကြဲချလို့ အောက်က အပြစ်မဲ့တဲ့ လူမမယ်ကလေးငယ်တွေပါ ပိုးလိုးပက်လက် မြင်မကောင်းအောင် သေဆုံးရတဲ့မြင်ကွင်းတွေဟာ ကြည့်ရက်စရာ မရှိဘူးကွာ”
“ဟုတ်တယ်မူးသာ၊ ငါလည်း အဲသည်ပုံတွေကြည့်ပြီး မျက်ရည်ဝဲရုံသာမက မျက်ရည်ပါ အလိုလို ကျလာတယ်”
“အမှန်ပဲ လုံးတုံး၊ ဒီ စိတ္တဇလူသတ်သမားကို အမြန်ဆုံးသုတ်သင်နိုင်မှ တနိုင်ငံလုံး အေးအေးချမ်းချမ်း နေရမယ်”
“အခု ဒီ (-) က မတန်တဆ ပေါင် ၅၀၀ ဗုံးတွေ လိုက်လိုက်ချနေတာကတော့ ရက်စက်လွန်းအားကြီးပါတယ်ကွာ”
အဘ စောမူးသာက ‘ခန့်ဝါငြိမ်း’ ၏ ကြေကွဲဖွယ်ရာ ‘ပေါင် ၅၀၀’ အမည်ရှိ ကဗျာကို ရွတ်ပြပါလေ၏။
“မိုးပေါ်ကနေ
မုန့်ထုပ်ကြီးပြုတ်ကျလာရင်
သိပ်ကောင်းမှာပဲ”
“အခုတော့
မိုးပေါ်ကနေပြုတ်ကျလာတာက
ဗုံးဝဝကြီး”
“အရွယ်နဲ့မလိုက်အောင်
စကားတတ်တယ်ဆိုတဲ့ ညီမလေးဟာ
အရွယ်နဲ့မလိုက်အောင် ဒဏ်ရာကြီးရလို့”
“ဉာဏ်ကောင်းတယ်ဆိုတဲ့ ကိုကိုဟာ
ဦးနှောက်ကြီးပွင့်လို့”
“မေမေ့ကိုကြည့်လိုက်တော့
မေမေကနှစ်ယောက်၊
ခေါင်းကတယောက်
ကိုယ်ကတယောက်”
“မေမေ့ဆီပြေးသွားချင်ပေမဲ့
သားမှာ
ဘယ်သူ့ကို မေမေလို့ခေါ်ရမှန်း မသိဘူး”
(ခ)
“ဟှူး. . . . . . .”
အဘစိမ်းမောင်ထံမှ သက်ပြင်းချသံကြီး ထွက်ပေါ်လာပါလေ၏။ သူလည်း ခံစားရသည်ထင့်။ အဘလုံးတုံးက ဆက်၏။
“မအလဟာ မိုက်ရူးရဲဆန်တယ်၊ ဆင်ခြင်တုံတရား ကင်းမဲ့တယ်၊ ယုတ်မာတယ်၊ အာဏာရူးတယ်၊ ဒါပေမဲ့ နိုင်ငံတခုကို အုပ်ချုပ်နိုင်တဲ့စွမ်းရည် အစိုးရလုပ်နိုင်တဲ့ အသိဉာဏ်နဲ့ အတတ်ပညာ လုံးဝကင်းမဲ့တဲ့ကောင်ကွ”
“အင်း . . . . .”
“မအလရဲ့ ယုတ်မာမှုတွေ အသိဉာဏ်နည်းမှုတွေကြောင့်ပဲ တိုင်းပြည်ဟာ ဒီလိုအခြေအနေအထိ ရောက်လာတာကွ”
“ဟှူး. . . . . .”
အဘစိမ်းမောင်ကား သက်ပြင်းများသာ ချနေပါလေတော့၏။ ဒီရက်ပိုင်းအတွင်း ကြင်စိုး၏ ရက်စက်ယုတ်မာ ပေါင် ၅၀၀ ဗုံးတွေကား ကမ္ဘာကတောင် မျက်လုံးပြူးကြ၏။ ဒါပေမယ်လို့ ဘယ်သူကမှ ထိထိရောက်ရောက် ဝင်ပြီး မဟန့်နိုင်ကြသည့်အတွက် “ငါတို့မှာ ငါတို့ပဲရှိတယ်” ဟုသာ အားတင်းနေကြရပါ၏။
“ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) က ‘နှုတ်ဆိတ်’ နေတဲ့လူတွေကို ‘ဒုက္ခိတကမ္ဘာ’ ဆိုတဲ့ ကဗျာလေးတပုဒ် ရေးထားတယ်”
“ရွတ်ပြပါအုံး လုံးတုံး”
အဘလုံးတုံးက ရွတ်ပြပါ၏။
“မကြည့်ရဲ မမြင်ရဲ
ရင်ကွဲပက်လက်ငိုသံများ
ကမ္ဘာကြီးက နားပင်းနေ”
ကဗျာလေးဆုံးတော့ အားလုံး တိတ်သွား၏။ ပြီးတော့ “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတာ တကယ့်အမှန်တရားပဲကွာ၊ ငါတို့တွေ ငါတို့ ‘အတွင်းအား’ နဲ့ပဲ ဆက်ပြီး ‘ကြိတ်’ ရမယ်ကွဟု ပြောကြပါလေ၏။
“မအလဟာ ‘ပြို’ နေပါပြီ။ သူ့မှာ လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေ မရှိတော့ဘူးဆိုရင် ဒီကောင် ‘လစ်’ တာ ကြာပြီ”
အဘ စောမူးသာက “ကဗျာဆရာ မိုးသစ်ဝေရဲ့ ‘ပေါင် သန်း ၆၀’ ဆိုတဲ့ ကဗျာလေးကို ငါရွတ်ပြမယ်ဟု ဆိုကာ ရွတ်ပြပါလေ၏။
“ငါတို့အပေါ်ကျရောက်တဲ့
လက်သီးတလုံးက
ပေါင် ၅၀၀ လေးတယ်”
“အံတင်းတင်းကြိတ်ရင်း
ငါဆုပ်ထားမိတဲ့ လက်သီးက
တပေါင်ပဲ လေးတယ်”
“ဒါပေမဲ့ . . .
အဲဒီလို လက်သီးလေးတွေ
အားလုံးကို ပေါင်းလိုက်ရင်
ပေါင် သန်း ၆၀ လေးတဲ့
လက်သီးကြီး ဖြစ်လာလိမ့်မယ်”
ကဗျာဆုံးတော့ တိတ်ဆိတ်သွားကြပြန်ပါလေ၏။ ခဏနေတော့ အဘစောမူးသာက ဤသို့ ပြောပါ၏။
“ငါတို့ရဲ့လက်သီး သန်း ၆၀ စာမိလို့ကတော့ ကြင်စိုး သာဝ မအလကြီး မျက်နှာ ဖူးရောင်ပြီး ဘုပေါင်း ၅၀၀ လောက်ထွက်မှာ အမှန်ပါပဲဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
“ဟှူး . . . . . . ဝှူး”
အဘစိမ်း မောင်ကား ‘သက်ပြင်း’ များကို ကန်ထရိုက်ဆွဲထားသလားမှတ်ရပါ၏။ တလုံးပြီးတလုံး ချနေပါလေရဲ့။
“ဟဲ့ကောင် စိမ်းမောင်၊ နင့်သက်ပြင်းချသံကြီးကလည်း မအလရဲ့ ပေါင် ၅၀၀ ဗုံးချသလောက်ကို ကျယ်ပါလားဟ”
“အဲ . . . . . .”
“ကြင်စိုးဟာ သူ့ကိုယ်သူ သိနေပြီကွ။ သူ ထွက်ပေါက်မရှိတော့သလို နိုင်ငံနဲ့ လူထုကိုလည်း ‘ချောက်’ ထဲကို ဆွဲခေါ်သွားတော့မယ့်သဘောပဲကွ”
“အင်း . . . . .”
“ဒီ မအလ ကြောင့် ‘စစ်’ ဟာ မြို့တိုင်း ရွာတိုင်းဆီကို ရောက်လာတော့မှာ ကျိန်းသေနေပြီဟ စိမ်းမောင်ရ”
“ဟေ . . . . .”
“အဓိကအချက်က ကြင်စိုးရဲ့ သစ္စာတော်ခံ လေယာဉ်မှူးတွေရဲ့ တိုက်လေယာဉ်တွေ ပျံမတက်နိုင်ဖို့နဲ့ လေယာဉ်ဆီတွေ မရတော့ဖို့ပဲကွ”
“ဟုတ်တယ် လုံးတုံး၊ ကိုကုလားတို့ ကိုပေါက်ဖော်တို့ ကိုပူတင်းတို့တွေက ခုထက်ထိကို လေယာဉ်ဆီတွေ ထောက်ပံ့နေတာက ခက်တယ်”
“ဆီရနေရင် ပေါင် ၅၀၀ ဗုံးတွေ ကြဲနေအုံးမှာပဲကွာ”
“မအလဟာ ငရဲကကို ပြန်တက်ရမယ် မထင်ပါဘူးကွာ”
“ကဗျာဆရာ မင်းထင်ကိုကိုကြီးရဲ့ ‘၅၀၀’ ဆိုတဲ့ ကဗျာလေး ရှိတယ်ကွ”
ရွတ်ပြပါဟု ဆိုတော့ အဘ စောမူးသာက ရွတ်ပြပါ၏။
“ပေါင် ၅၀၀
အသက် ၅၀၀
ဘဝ ၅၀၀
သွေး ၅၀၀
အနာ ၅၀၀
မျက်ရည် ၅၀၀”
“ကမ္ဘာ ၅၀၀ မကြေဘူး”
“ငရဲ ၅၀၀
အဝီဇိ ၅၀၀ ၌
သစ်ငုတ် ၅၀၀ ဖြစ်ပါစေ”
“ဟှူး. . . . . . ဝှူး”
ဝဋ်လိုက်မယ့် မအလဟာ ပေါင် ၅၀၀ အထိ ဝလာပြီး ပြိတ္တာကြီးဖြစ်တော့မှာဟုလည်း ကြေကွဲမှုကြားကနေ ရယ်ပွဲဖွဲ့ဖြစ်ကြပါ၏။
ဘာပဲဖြစ်ဖြစ် ငါတို့မှာ ငါတို့ပဲရှိတယ်ထုံး နှလုံးမူပြီးတော့သာ နိုင်ရာတာဝန်ကို ဝင်ထမ်းကြရင်ဖြင့် များမကြာမီမှာပင် လူယုတ်မာ ကြင်စိုးနဲ့အဖွဲ့ကို အဝီစိငရဲက ဆီပူ ပေါင် ၅၀၀ ဆံ့ ဒယ်အိုးထဲ အရောက်ပို့နိုင်လိမ့်မယ်ဟု သုံးသပ်ကြပါလေသတည်း။
ဖေကြီး(လေရှီး)