Home
မြန်မာသတင်း
ရှမ်းတောင်က မြို့နယ် ၁၀ ခုတွင် ရေကြီးနေပြီး လူ ၉၀ ကျော် သေဆုံး
DVB
·
September 14, 2024

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခုအပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့  မြို့နယ် ၁၀ ခုမှာ ရေကြီးပြီး တောင်ပြိုတာတွေကြောင့် ဒေသခံ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စုံစမ်းသိရှိရသလောက် ကလောမြို့နယ်မှာ ဒေသခံအယောက် ၆၀၊ ညောင်ရွှေမြို့နယ်မှာ ဒေသခံ ၂၀၊ လွိုင်လင်မြို့နယ်မှာ ၁၂ ယောက်နဲ့ ဟိုပုံးမြို့ပေါ်မှာ ၁ ယောက် သေဆုံးခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ကတည်းက မိုးစရွာခဲ့တာဖြစ်ပြီး အခု စက်တင်ဘာ ၁၄ ရက်နေ့အထိ မိုးရွာသွန်းတာ မတိတ်သေးဘဲ ရှမ်းတောင်ပိုင်းက တောင်ကြီးမြို့အပါအဝင် အေးသာယာ၊ ကလော၊ ဟိုပုံး၊ ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ပင်လုံ၊ ညောင်ရွှေ၊ လွိုင်လင်နဲ့ ရွှေညောင်မြို့တို့မှာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာ ၅၀ မက ရေဘေးသင့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဟိုပုံး၊ ကလော၊ ညောင်ရွှေဘက်မှာ ဆိုးဆိုးရွားရွား ကြုံနေရတယ်။ တချို့ရွာထဲကအိမ်တွေ၊ မြို့ပေါ်မြေနိမ့်ပိုင်း အိမ်တွေ အကုန်မြုပ်ကုန်တယ်။ ရေမြုပ်တဲ့အိမ်တွေတော့ နီးစပ်ရာမှာ ရေဘေးရှောင်နေရပါတယ်။ တခြားမြို့တွေမှာလည်း အဲလိုနည်းတူပဲ။ ရေမကြီးတဲ့နေရာဆိုလည်း တောင်ပြိုတာတို့နဲ့ကြုံနေရတယ်။ သေသွားသူအများစုက  ရေထဲမျောပါတာ၊ တောင်ပြိုတဲ့အထဲပါသွားပြီး သေဆုံးတာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကလောမြို့မှာ ရေကြီးမှု၊ တောင်ပြိုမှုအတွင်း ပျောက်ဆုံးနေသူ ၁၀၀ နီးပါး ရှိသေးတယ်လို့ သူကဆက်ပြောပါတယ်။

လွိုင်လင်မြို့နယ်မှာတော့ တောင်ကျရေထဲမျောပါသွားလို့ အင်ခေတ်ရွာသား ၅ ယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေသလို အင်ခေတ်ရွာအနီး ခေါက်နွဲ့ရွာက ရွာသား ၇ ယောက်လည်း တောင်ကျရေနဲ့အတူ မျောပါသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့က မိုးကြီးတာကြောင့် တောင်ကျရေနဲ့အတူ အင်ခေတ်ရွာက လူနေအိမ် ၂၄ လုံးရေထဲမျောပါပြီး လူတွေပါမျောပါသေဆုံးခဲ့ရတာလို့ ပြောပါတယ်။

ဒေသခံတယောက်က “ပျောက်သွားတဲ့သူ သေပြီလား ရှင်လားဆိုတာမသိဘူး။ တောင်ကျရေတိုက်စားပြီး တောင်ပြိုသွားတယ်။ ရွာသားတွေလည်း ဘေးကင်းတဲ့နေရာ ရှောင်ပြီ” လို့ ပြောပါတယ်။

အခုလည်း မိုးရွာနေတာကြောင့် သေဆုံးထိခိုက်ပျောက်ဆုံးတာတွေ၊ အိမ်ပြိုတာတွေ ဒါထက်များနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မိုးအဆက်မပြတ်ရွာလို့ ဖုန်းတာဝါတိုင်၊ ဓာတ်တိုင်တွေလည်း ပြိုလဲပြီး ရှမ်းတောင်တခွင်မှာ Atom၊ အူရီဒူး၊ မိုင်တဲတို့ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ စက်တင်ဘာ ၁၀ ရက်ကတည်းကပျက်နေပြီး MPT က ဖုန်းလိုင်းပေါ်ပေမယ့် အင်တာနက်အသုံးပြုလို့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပင်လောင်းဒေသခံတယောက်က “မီးပျက်တာ ၄ ရက်ရှိပြီ။ Wi Fi က တချို့တော့ ရသေးတယ်။ ဖုန်းလိုင်းတွေ ခုထိမပေါ်သေးဘူး။ မီးလည်းပြတ် အင်တာနက်လည်းပြတ်တော့ မှောင်ပြီး ဘာတွေဖြစ်မှန်းကို မသိတော့တာ။ အားလုံး ဂစိုက်ပါလို့ပြောချင်ပါတယ်” လို့ ပြောပါတယ်။

မိုးကြီးတာကြောင့် တောင်ကြီး-ရွာငံ၊ တောင်ကြီး-ပင်လောင်း၊ တောင်ကြီး-ဟိုပုံး၊ ပြည်ထောင်စု လမ်းမကြီး ရေကျော်နေလို့ ခရီးသည်ကားတွေ၊ အမြန်ယာဉ်လိုင်းတွေ၊ ကုန်တင်ကားတွေနဲ့ ဆိုင်ကယ်တွေ သွားလို့မရတာ ၄ ရက်ရှိပြီလို့လည်း သိရပါတယ်။

ပင်လောင်း၊ ဟိုပုံး၊ တောင်ကြီး၊ ကလောနဲ့ ရွာငံမှာ ရေတိုက်စားလို့ တောင်ကုန်းပေါ်က အိမ် ၂၀၀ လောက်လည်း ပြိုကျပျက်စီးခဲ့သေးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013