မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ စံချိန်တင် မိုးရွာသွန်းတဲ့အတွက် စက်တင်ဘာ ၁၂ ရက်နေ့က ရှေးဟောင်းစေတီ ၂ ဆူ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပုဂံမြို့ခံတယောက်က “ပုဂံမှာအခုရွာတဲ့မိုးက အတော်များတယ်။ ပုဂံနယ်မြေထဲက ဘုရား ၁ ဆူနဲ့ ငှက်ပစ်တောင်တောင်ပေါ်က ဘုရား ၁ ဆူပြိုကျခဲ့တာပါ။ နောက်ထပ်မိုးများရင်လည်း တချို့ဘုရားတွေ မလွယ်လောက်ဘူးထင်တယ်” လို့ ပြောပါတယ်။
ပြိုကျပျက်စီးခဲ့တဲ့ ရှေးဟောင်းဘုရား ၂ ဆူဟာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲက ဘုရားအမှတ် ၁၀၄၂ ဆင်ကဘုရားနဲ့ ငှက်ပစ်တောင်ပေါ်က ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရားတို့ဖြစ်ကြတယ်လို့ သိရပါတယ်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်ရဲ့ တာဝန်ရှိသူတယောက်က “အခု ပြိုကျခဲ့တဲ့ဘုရားတွေထဲက ငှက်ပစ်တောင်တောင်ပေါ်က စေတီကြီးဘုရားက ၁၂ ရာစုလက်ရာဖြစ်ပြီးတော့ ဆင်ကဘုရားလို့ ခေါ်တဲ့ ဆင်ကအုတ်တိုက်ရှည်ဘုရားကတော့ ၁၃ ရာစုမှာ တည်ထားခဲ့ကြတဲ့ဘုရားစေတီတွေ ဖြစ်ကြပါတယ်။ ပြိုကျသွားတဲ့ဘုရားတွေက အုတ်တွေကို သေချာစစ်ဆေးကြည့်တဲ့အခါ ရေအရမ်းဝနေတာကို တွေ့ရတယ်။ နောက်ရက်မှာလည်း တချို့ဘုရားတွေက အုတ်ချပ်တွေ ပြုတ်ကျတာတွေရှိပေမယ့်လည်း အရမ်းမဆိုးရွားဘူး။ ဆင်ကဘုရားနဲ့ စေတီကြီးဘုရားကတော့ အတော်လေးပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
ငှက်ပစ်တောင်ပေါ်က စေတီကြီးဘုရားဟာ ဖောင်းတန်းပစ္စယံတွေ ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး ဆင်ကဘုရားကတော့ ရှေးလက်ရာပေါင်းကူးအမိုးတွေ ပြိုကျခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာချေလှူဒါန်းတာတွေပြုလုပ်နေတဲ့ ထီးလိုမင်းလိုဘုရားရဲ့ အုတ်တံတိုင်းဟာလည်း နည်းနည်း ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရွာသွန်းခဲ့တဲ့ မိုးရေချိန်ဟာ ပုဂံနယ်မြေမှာ ၈.၅၁ လက်မ (၂၁၆ မီလီမီတာ) အထိရှိခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း စံချိန်သစ်တင်မိုးကြီးခဲ့တာဖြစ်တယ်လို့လည်း စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။