Home
ဆောင်းပါး
တော်လှန်ရေးမှာ ကျရှုံးသွားတဲ့ စစ်တပ်ရဲ့ ပဋိပက္ခဖန်တီးရေးဗျူဟာ
DVB
·
February 3, 2024
Namatu_03022024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးရှိ ပွိုင့် ၂၀၂၂ တောင်ကုန်းပေါ်က စေတီတော်တဆူကို ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့ဝင်တဦးက တူနဲ့ထုရိုက် ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်ဟာ ဇန်နဝါရီ ၈ ရက်က လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇန်နဝါရီ ၉ ရက်မှာ MNDAA က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ စေတီတော်ကို ထုရိုက်ဖျက်ဆီးခဲ့တာဟာ အဖွဲ့အစည်းက အမိန့်ပေးလို့ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်အတွက် တောင်းပန်ကြောင်း၊ ကျူးလွန်ခဲ့သူ တရားခံကို အပြစ်ပေး အရေးယူဖို့ ညွှန်ကြားထားကြောင်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့်ရိုးရာနတ်ကွန်းနောက်ကွယ်” လို့ ခေါင်းစဥ်ပေးထားတဲ့ ဧရာဝတီဆောင်းပါးမှာတော့ ၂၀၁၅ ကိုးကန့်တိုက်ပွဲအပြီးမှာ မြန်မာစစ်တပ်ဟာ အကျအဆုံးများခဲ့တဲ့ နန်ထင်မင်စမ်းတောင်ထိပ်က ကိုးကန့်ရိုးရာ နတ်ကွန်းကို ဖျက်ဆီးပြီး အဲဒီနေရာမှာ စေတီတည်ခဲ့ကြောင်း၊ ကိုးကန့်တို့ရဲ့ အစဥ်အလာ ရိုးရာကိုးကွယ်မှုဖြစ်တဲ့ နတ်ကွန်း ဖျက်ဆီးခံခဲ့ရတာကို ကိုးကန့်တပ်ဖွဲ့ဝင်တဦးက ဒေါသနဲ့ တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတီ၊ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် တခြားဘာသာဝင်တွေရဲ့ သာသနိက အဆောက်အဦတွေကို မီးရှို့၊ ဗုံးကြဲဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီကတော့ MNDAA တပ်ဖွဲ့ဝင်တဦးရဲ့ လုပ်‌ရပ်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ရုပ်သံဖိုင်ထွက်ပေါ်ပြီး နောက်တနေ့ ဇန်နဝါရီ ၉ ရက်နေ့ကစလို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ် အပါအဝင် မြို့ပေါင်း ၂၀ နီးပါးမှာ စစ်တပ်ထောက်ခံသူ အမျိုးသားရေးသမားတွေနဲ့ မဘသဘုန်းကြီးတွေ ပါဝင်တဲ့ ရာနဲ့ချီတဲ့လူတွေဟာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

“ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ၊ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာပါ။

DVB သတင်းတပုဒ်မှာတော့ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နဲ့ လင်းခေးမြို့တို့မှာ မြို့ပေါ်ဘုန်းကြီးကျောင်းတွေ အားလုံးက ကျောင်းထိုင်သံဃာတော်တွေကို ခေါ်ယူပြီး စစ်ကောင်စီတပ်က အတင်းအဓမ္မ ဆန္ဒပြခိုင်းတယ်လို့ မြို့ခံတွေထံက သိရတဲ့အကြောင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရှမ်းပြည်နယ်၊ သိန္နီမြို့က ကျောင်းခမ်းပရိယတ္တိ စာသင်တိုက်နဲ့ ဗုဒ္ဓဆင်းတုတော်တွေ ပြိုကျပျက်စီးခဲ့သလို ဇန်နဝါရီလ ၉ ရက်နေ့မှာလည်း လေကြောင်းက တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ မံစီမြို့နယ်က စီအူကျေးရွာ ဘုန်းတော်ကြီးကျောင်း ပျက်စီးခဲ့ရပါတယ်။

MNDAA တပ်ဖွဲ့ဝင်တဦးက စေတီတော်တဆူ ဖျက်ဆီးခဲ့တာကို အကြောင်းပြုလို့ မြို့ကြီးတွေမှာ မဘသဆရာတော်တွေ ဦးဆောင်ပြီး လူအုပ်စုလိုက် နေ့တိုင်းနီးပါး ကန့်ကွက်ရှုတ်ချပွဲတွေ ကျင်းပနေပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ဘာသာရေးအဆောက်အဦတွေနဲ့ ပတ်သက်လို့ကတော့ မဘသဘုန်းကြီးတွေ၊ ဆရာတော်ကြီးတွေနဲ့ အမျိုးသားရေးသမားတွေက တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရပါဘူး။

နွေဦးဖက်ဒရယ်ဖောင်ဒေးရှင်းမှ ဖက်ဒရယ်နိုင်ငံရေးပညာရှင် ဦးချစ်မင်းနွဲ့ကြည်က စစ်တပ်က အာဏာမသိမ်းခင်ကတည်းက ဘာသာရေးပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ခဲ့ရာမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်လည်း လုံးဝမအောင်မြင်တာတော့ မဟုတ်ဘူး။ သူတို့ကို ထောက်ခံနေတဲ့ လူအုပ်ကြီးက ရှိနေတုန်းပါပဲ။ နိုင်ငံရေးအသိကြွယ်လာတဲ့ ပြည်သူတွေကတော့ သူတို့မှိုင်းတိုက်သမျှ တွန်းလှန်နိုင်တဲ့အသိတော့ ရှိကြပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ရခိုင်အမျိုးသမီး မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရာက စတင်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခဟာ ရခိုင်ပြည်နယ်တခုလုံးကို ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက“ဟိုတုန်းက သီတာထွေးကိစ္စမှာလည်း လက်မည်းကြီး အဖွဲ့အစည်းတွေ ရှိခဲ့တယ်။ လူမျိုးရေး ပဋိပက္ခဆန်ဆန် ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုကတော့ ဒါတွေကို ပြည်သူတွေကလည်း ဘယ်သူတွေက လုပ်နိုင်ခြေရှိသလဲ။ တစုံတရာ ပယောဂကြောင့်လည်း ဖြစ်နိုင်တယ်။ စနစ်တကျလည်း ပြုပြင်လုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ ရခိုင်ပြည် တည်ငြိမ်မှုနဲ့ ပတ်သက်ပြီး မသမာသူ လူတစုက တမင်ကို ဖန်တီးနေတာလို့ ပြောရမယ်” လို့ Western News မှာ မှတ်ချက်ပြု ပြောဆိုခဲ့ဖူးပါတယ်။

အဲဒီပဋိပက္ခကြောင့် ၂၀၁၂ မေလကနေ အောက်တိုဘာလအထိ ၆ လအတွင်း အရပ်သား အယောက် ၂၀၀ သေဆုံးပြီး လူ ၁၄၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထောင်နဲ့ချီတဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဗလီ ၃၂ လုံးနဲ့ ဘုန်းကြီးကျောင်း ၂၂ ကျောင်းလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အာရှဥပဒေရေးရာလေ့လာရေးစင်တာမှ ပါရဂူဘွဲ့လွန် သုတေသီ ညီညီကျော်ရဲ့ မြန်မာနိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်၊ အစိုးရ၏အခန်းကဏ္ဍနှင့် ဘာသာများအကြား ဆက်ဆံရေးစာတမ်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် အလွတ်တန်းသတင်းထောက်တဦးကလည်း ပြီးခဲ့တဲ့ ၂၀၁၂ လူမျိုးရေးပဋိပက္ခမှာ လူမျိုးနှစ်စုကြား စစ်တပ်က ဖန်တီးခဲ့တဲ့ သွေးထိုးလှုံ့ဆော်မှုတွေဟာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ဒီလို အောင်မြင်သွားတဲ့ အချက်တွေထဲမှာ ရခိုင်ပြည်နယ်မှာက ဘာသာမတူ၊ လူမျိုးကွဲတာကို ခွဲခြားစိတ်ရှိနေသေးလို့ပါ။ ဘာသာရေးအစွန်းရောက်တဲ့အပိုင်းမှာ ဘာသာရေးခေါင်းဆောင်တွေကြောင့်လည်း ပါတယ်။ ရခိုင်တွေဘက်ကလည်း ဒီ ဘာသာရေးကွဲပြားမှုအပေါ်မှာ သိပ်ပြီး ထိလွယ်ရှလွယ်တယ်။ နောက်ပြီးတော့ ဘာသာမတူတဲ့ အပေါ်တွေမှာ နှိမ့်ချဆက်ဆံတာမျိုးတွေ ရှိတယ်။ မွတ်စလင်တယောက်ကို မြင်လိုက်တာနဲ့ မကောင်းတဲ့အရာတွေပဲ လုပ်တဲ့သူတွေလို့ တချို့က မြင်ကြတယ်။”

NLD အစိုးရလက်ထက် ၂၀၁၇ မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာကျေးရွာ အများအပြား မီးရှို့ခံရပြီး လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသလို လူ ၈ သိန်းနီးပါးလည်း နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက်ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က ကောက်ချက်ဆွဲခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဦးချစ်မင်းနွဲ့ကြည် ပြောသလိုပဲ စစ်တပ်ကလုပ်တဲ့ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေဟာ မအောင်မမြင်ဖြစ်ခဲ့ရတဲ့ သာဓကတွေ များစွာရှိနေပါတယ်။

အာဏာသိမ်းပြီး ၄ လကျော်အကြာ ဇွန်လ ၂၁ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်၊ အလုံမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒ်ဂါဗလီမှာ ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အနီးအနားနေသူတွေက အချိန်မီ မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တားမြစ်ခြင်း ခံရတဲ့အပြင် အလုံမီးသတ်စခန်းကနေ ကားနဲ့ ၃ မိနစ်ခန့်သာ မောင်းရတဲ့ ကြည့်မြင်တိုင်အောက်လမ်းက မီးလောင်နေတဲ့ ဗလီနေရာကို နာရီဝက်လောက်ကြာမှသာ မီးသတ်ကားတွေ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ပါတယ်။

မျက်မြင်တွေ့လိုက်ရတဲ့ အလုံမြို့ခံတဦးက “မီးသတ်ကပြောသလို ဝါယာရှော့မီးပဲဖြစ်ဖြစ် ရှို့မီးပဲဖြစ်ဖြစ် ဗလီလောင်သွားရင် အရင်ခေတ်ကလို တယောက်နဲ့တယောက် မကျေနပ်တာ ဖြစ်မယ်။ ဆူပူအောင် လုပ်ကြပါစေ ဆိုပြီး စစ်တပ်က တမင်ဖြစ်အောင်လုပ်တာ။ ဒါပေမဲ့ သူတို့ဆင်တဲ့ခွင်ထဲ လူတွေက မဝင်တော့ဘူး။ သူတို့ဖြစ်စေချင်သလို ပြည်သူကလည်း မဖြစ်လာကြဘူး” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်အာဏာသိမ်း အစောပိုင်းကာလမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာ‌သာရေး အဆောက်အအုံတခု ပထမဆုံး ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ခဲ့တဲ့ စစ်တပ်ရဲ့ မအောင်မြင်တဲ့ မှိုင်းတိုက်မှုတခုလည်း ဖြစ်ပါတယ်။

၂၀၂၂ မှာတော့ အာဏာသိမ်းခါစ တနှစ်ကျော်က တိုက်ပွဲတွေ ရပ်နားထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာလာပြီး တကျော့ပြန်တိုက်ပွဲတွေနဲ့အတူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်တဲ့ ဖြစ်ရပ်တွေလည်း ပြန်လည်မြင်တွေ့လာရပါတယ်။

ရခိုင်ပြည်နယ်၊ မောင်‌တောမြို့နယ်၊ သင်္ဘောလှရွာက ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်တွေ၊ ကျောက်တော်မြို့က ရခိုင်တောင်သူတွေရဲ့ လယ်ယာသုံးပစ္စည်း‌တွေကို အမည်မသိသူတွေက မီးရှို့သွားတဲ့ဖြစ်စဉ်နဲ့ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင်ရွာမှ မွတ်စလင်လူငယ်တဦးကို ရိုက်နှက်ကြိုးတုပ်ပြီး ကျောက်တုံးနဲ့ဖိခဲ့တဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၂ နှစ်လယ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (ULA/AA) က ရခိုင်ပြည်နယ်မှာ ရခိုင်မဟုတ်တဲ့ လူမျိုးနဲ့ မျိုးနွယ်စုတွေအကြား သပ်လျှိုဖြိုခွဲတဲ့ နည်းလမ်းတွေ၊ အချိုသပ် မက်လုံးပေးတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လူမျိုးရေးပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားနေတာကို သတိထား ဆင်ခြင်ဖို့ ဇွန်လ ၂၁ ရက်မှာ သတိပေး ကြေညာချက်တခု ထုတ်ပြန်ခဲ့ပါတယ်။

ULA/AA ရဲ့ ထုတ်ပြန်ချက်မှာ “ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ်၊ ရခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရခိုင်စကား ပြောတတ်သူများကို အသုံးချ၊ ခိုင်းစေကြောင်း သိရသည်။ ယင်းဖြစ်စဉ်များသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဦးတည်စေနိုင်သည့်အတွက် ရခိုင်ပြည်သူပြည်သားများအနေနှင့် သတိပြုဆင်ခြင်ရန်နှင့် နောက်ထပ် အလားတူဖြစ်စဉ်များ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကာကွယ် စောင့်ထိန်းကြရန် အထူးလိုအပ်သည်” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

မောင်တောမြို့က ရိုဟင်ဂျာ တက္ကသိုလ်ကျောင်းသား တဦးကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးဖို့ ကြိုးစားခဲ့တာတွေ အများရှိခဲ့တယ်လို့ ပြောပါတယ်။

“အရေးကြီးဆုံးအချက်ကတော့ ပဋိပက္ခဖန်တီးနေတဲ့ ဒီစစ်တပ်အပေါ်မှာ ဘယ်သူမှ ယုံကြည်မှု မရှိတော့တာကြောင့် စစ်တပ်ပြောတာကို လိုက်မလုပ်တော့တာပဲ။ ဒီလိုအကြောင်းအရာတွေကြောင့် စစ်တပ်က သွေးထိုးတဲ့ ဘာသာရေးလှုံ့ဆော်တာတွေ လုံးဝ မဖြစ်လာတော့တာ။”

ရခိုင်ပြည်နယ်က ပွဲတော်နေ့တွေမှာဆို လူမျိုးပေါင်းစုံ အတူတကွ ဆင်နွှဲခဲ့ကြတာရှိကြောင်း၊ ဒါဟာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတခုလည်း ဖြစ်သလို နောက်တဖက်ကကြည့်ရင် ရခိုင်ပြည်သူတွေဟာ အရင်ကထက် ပိုပြီး ပွင့်လင်းလာကြပြီလို့ ယူဆလို့ရကြောင်း သူက သုံးသပ်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ ရခိုင်မှာသာမက ခရစ်ယာန်ဘာသာဝင် အများစုရှိရာ တိုင်းရင်းသား နယ်မြေတွေမှာပါ ဘာသာတရားကို အကြောင်းပြပြီး လူမျိုးရေး၊ ဘာသာရေး တင်းမာမှုဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မှာ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၁၅ မိုင်လောက်ဝေးတဲ့ ကချင်သမိုင်းဝင် အမွေအနှစ် နေရာဖြစ်တဲ့ အင်ခိုင်ဘွမ်းတောင် အမျိုးသားဥယျာဥ်မှာ ဒေသခံ ကချင်လူမျိုးတွေ ကန့်ကွက်နေတဲ့ကြားက နဂါးရုံဘုရားတဆူ လာတည်ဆောက်ခဲ့ပါတယ်။ ဒါ့အပြင် မြစ်ဆုံဆည်အနီးက မြစ်ဆုံရွာဟောင်းမှာလည်း ဆုတောင်းပြည့် အောင်သစ္စာစေတီကို ချဲ့ထွင်တည်ထားခဲ့တဲ့အပြင် အများပြည်သူသုံး လမ်းကိုလည်း ဘုရားပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပါသေးတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဥ်ထုတ်ပြန်ကြေညာလေ့ရှိတဲ့ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေရဲ့ အမည်စာရင်းမှာ မြန်မာနိုင်ငံဟာ နှစ်တိုင်းလိုလို ပါဝင်နေပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇန်နဝါရီလအထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည် ထိမှန်မှုတို့ကြောင့်လည်း ဘုရားကျောင်းကန်၊ စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေ စတဲ့ ဘာသာရေးအဆောက်အဦ ၁၆၃ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယား(ကရင်နီ) ပြည်နယ်တို့ ပါဝင်ပြီး စစ်ကိုင်းတိုင်းကတော့ ဗလီ ၃ လုံး၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၆ ကျောင်း၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၄၆ ကျောင်းအထိ အများဆုံး ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သက်တမ်း ၁၂၉ နှစ်ကျော်ရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း ပြိုကျခဲ့ရသလို ခင်ဦးမြို့နယ်မှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုနေတဲ့ ဗလီကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကန့်ဘလူမြို့နယ်က ကျီစုရွာမှာလည်း ၂၀၂၂ ဇူလိုင်လနဲ့ နိုဝင်ဘာလတွေမှာ စစ်ကြောင်းထိုးခဲ့တာကြောင့် လူနေအိမ်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ ၂ လုံးပါ ထပ်မံ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြကြတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD အစိုးရလက်ထက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး ထောင်ချခဲ့တဲ့ မဘသဆရာတော် ဦးဝီရသူကို ၂၀၂၁ စက်တင်ဘာလမှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တပ်ထောက်ခံသူ မိုက်ကယ်‌ကျော်မြင့်နဲ့အတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ရွာကထိန်ပွဲကို တက်ရောက်ခဲ့ပြီး ၉၆၉ အဓိပ္ပာယ်နဲ့ ဘာသာရေး‌ သွေးထိုးလှုံ့ဆော်မှု တရားဟောခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလည်း သေနတ်ငါးချက် ပစ်ဖောက် အောင်ပွဲခံခဲ့တယ်လို့ DVB သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာအလယ်ပိုင်းက ဘာသာရေးပဋိပက္ခမှာကတည်းက ၉၆၉ လှုပ်ရှားမှုနဲ့ မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုအကြောင်း ဟောပြောခဲ့တဲ့ ဦးဝီရသူဟာ ၂၀၁၄ မှာ တည်ထောင်ခဲ့တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ဦးဆောင်ဆရာတော်လည်း ဖြစ်ပါတယ်။

အစွန်းရောက် အမျိုးသားရေးဝါဒ၊ အစ္စလာမ်ဆန့်ကျင်ရေးဝါဒတွေကို ကိုင်စွဲထားသူဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ဦးဝီရသူဟာ ၂၀၁၅ အထွေထွေ‌ရွေးကောက်ပွဲမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို နိုင်ငံရေးအောက်လုံးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိပါက မွတ်စလင်နိုင်ငံ ဖြစ်သွားမယ် ဆိုတဲ့အထိ အစွန်းရောက်တဲ့ ဟောပြောမှုတွေနဲ့ ဘာသာရေးပဋိပက္ခဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ခဲ့ပါသေးတယ်။

တော်လှန်ရေးကာလအတွင်း စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်လို့ ရာနဲ့ချီတဲ့ အရပ်သားသေဆုံးမှုတွေ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုပါ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်နေတဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေ ရှိနေပေမဲ့လည်း ဦးဝီရသူ အပါအဝင် ကြည်ညိုသူများပြားတဲ့ နာမည်ကြီး ဆရာတော်တချို့ကတော့ စစ်ကောင်စီကို ထောက်ခံကာကွယ်ပေးနေဆဲ ဖြစ်ပါတယ်။

ဒီလိုဆရာတော်ကြီးတွေထဲမှာ စစ်ခေါင်းဆောင်ကို သဒ္ဒါ၊ ပညာနဲ့ ပြည့်စုံသောမင်းလို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၊ စစ်တပ်အတွင်း ကိုးကွယ်သူများတဲ့ ဓမ္မဒူတ ရှင်ဆေကိန္ဒ၊ စစ်ခေါင်းဆောင်ဆရာ ဝစီပိတ်ဆရာတော်နဲ့ မဘသအဖွဲ့က ဆရာတော်ကြီးတွေ ရှေ့ဆုံးကနေ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့ကို ကိုယ်တိုင်ပေးအပ်ခဲ့ပါသေးတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့နဲ့မပူးပေါင်းဘဲ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတဲ့ နာမည်ကျော် ဆရာတော်တွေဖြစ်တဲ့ ဦးသောဘိတ (အလင်္ကာကြယ်)၊ မိုးကုတ်မြို့က ရေပူဆရာတော်၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသနဲ့ ဦးတေဇနိယ (မန်းတောင်ခြေ) အပါအဝင် တခြားဆရာတော်တွေနဲ့ ရဟန်းတော်တွေကိုပါ ဖမ်းဆီးအရေးယူခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်း ရန်ကုန်၊ မန္တလေး၊ ပဲခူး အပါအဝင် ဒေသ ၇ ခုက သံဃာတော် ၄၀ နီးပါး အသတ်ခံရပြီး သံယာတော် ၃၈ ပါးထက်မနည်း ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ ၂၀၂၂ ဧပြီမှာ ဖော်ပြခဲ့တဲ့ RFA မြန်မာပိုင်းရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

လက်ရှိ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ ရှုံးနိမ့်ပြီး နယ်မြေတွေ လက်လွှတ်လာရတဲ့ စစ်ကောင်စီဟာ ဘာသာရေးကနေ စစ်တပ်ကို ထောက်ခံမှု ပိုမိုရရှိလာဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။

မဘသအဖွဲ့ကနေ ဆင့်ပွားဖြစ်တည်လာတဲ့ မဘသ ပျူစောထီးဘုန်းကြီးတွေကို မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စစ်သင်တန်းတွေ တက်ရောက်သင်ကြားခဲ့ပြီး လက်နက်ကိုင် ပြည်သူ့စစ်အဖြစ် လုပ်ကိုင်နေကြပါတယ်။

မဘသ ပျူစောထီးတပ်တွေထဲမှာ ၅၅၀ ဆရာတော်လို့ နာမည်ကြီးတဲ့ ဦးဝါသဝဟာ ဗုဒ္ဓလမ်းစဥ်ကို သွေဖည်ပြီး စစ်အာဏာရှင်အလိုကျ လက်နက်ကိုင်ထားသူ ဖြစ်ပါတယ်။ ဦးဝါသဝဟာ ၂၀၂၂ ဖေဖော်ဝါရီလကစပြီး တန့်ဆည်၊ ကန့်ဘလူနဲ့ ကျွန်းလှဒေသက ရွာတွေမှာ စစ်သင်တန်းတွေ ပေးခဲ့တဲ့အပြင် ဘာသာရေးအကြောင်းပြပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို တန်ပြန်တိုက်ခိုက်ဖို့ ဦးဆောင်စည်းရုံး လှုံ့ဆော်နေသူလည်း ဖြစ်ပါတယ်။

လက်နက်ကိုင် သင်္ကန်းဝတ်တဦးဖြစ်တဲ့ ဦးဝါသဝဟာ လက်နက်ကိုင် ခြိမ်းခြောက်ခြင်း၊ ဘာသာရေးအကြောင်းပြ စည်းရုံးခြင်း စတဲ့နည်းလမ်းတွေနဲ့ ရွာခံအမျိုးသားတွေကို စစ်သင်တန်းတက်စေပြီး ပြည်သူ့စစ်အဖွဲ့တွေ ဦးဆောင်ဖွဲ့စည်းနေကြောင်း၊ လိုအပ်တဲ့ နည်းပညာနဲ့ လက်နက်တပ်ဆင်ပေးဖို့ကိုတော့ စစ်ကောင်စီက တာဝန်ယူထားကြောင်း Myanmar Now မှာ ‌ရေးသားဖော်ပြထားပါတယ်။

ဦးဝီရသူဟာ လက်ရှိ စစ်ကိုင်းတိုင်းထဲက ပျူစောထီးအဖွဲ့တွေကို ဦးဆောင်နေတဲ့ မဘသ ဆရာတော် ဦးဝါသဝ၊ ဦးဝီရရဇာ၊ ဦးပဏ္ဍိတတို့နဲ့ အရင်က နီးကပ်တဲ့ဆက်ဆံရေး ရှိခဲ့တယ်လို့ မန္တလေးသံဃသမဂ္ဂဆရာတော် အရှင် ရာဇဓမ္မက မိန့်ပါတယ်။

ခေတ်အဆက်ဆက်မှာ စစ်တပ်ရဲ့ ဘာသာရေးမှိုင်းတိုက်မှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ နွေဦးတော်လှန်ရေးမှာတော့ မီးစာကုန် ဆီခန်းသွားခဲ့ပြီလို့ လေ့လာသူတွေက ကောက်ချက်ချခဲ့ကြပါတယ်။

ဖက်ဒရယ်နိုင်ငံရေးပညာရှင် ဦးချစ်မင်းနွဲ့ကြည်ကတော့ စစ်တပ်ဘက်မှာလည်း ထောက်ခံသူတွေ ရှိနေတာကြောင့် သူတို့ရဲ့ ဘာသာရေးမှိုင်းတိုက်မှုတွေက မအောင်မြင်နိုင်တော့ဘူး ဆိုရင်တောင် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က သတိထား ကိုင်တွယ်ရမယ့် အခြေအနေ ရှိတယ်လို့ သုံးသပ်ပါတယ်။

“နောက်ပြီး မြေပြင်မှာ ကြံ့ခိုင်ရေးနဲ့ မဘသအင်အား ဘယ်လောက်ရှိနေမလဲ၊ သူတို့ ဘာတွေလုပ်နေသလဲ စသဖြင့် အပိုင်းတွေကိုတောင် ဒီကာလမှာ လေ့လာစောင့်ကြည့်သင့်တယ်။ သူတို့အင်အားတွေကို စစ်ကောင်စီနဲ့အပြိုင် ဘာတွေလှုပ်ရှားနေသလဲကို ထည့်တွက်‌ဖို့တောင် လိုမယ်။ သူတို့လုပ်သမျှ မအောင်မြင်ဘူးဆိုပြီး ဒီတိုင်းလွှတ်ထားလို့တော့ ကောင်းတဲ့အရာမဟုတ်ဘူး” လို့ ဦးချစ်မင်းနွဲ့ကြည်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ဝေယံဦးကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024