မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ သီရိပစ္စယာရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်ထားတဲ့ လောကနန္ဒာ ဘုရားပွဲတော်ကို လာရောက်လည်ပတ်သူ နည်းပါးသွားတယ်လို့ ပုဂံမြို့ခံတွေက ပြောပါတယ်။
ဗုဒ္ဓပူဇနိယပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို ဩဂုတ် ၆ ရက်ကနေ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲတော်မှာ ကိုဗစ်ကာလမတိုင်ခင်က ရိုးရာလောင်းလှေပြိုင်ပွဲတွေ ထည့်သွင်းကျင်းပခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်မှာတော့ လှေပြိုင်ပွဲတွေ မပါဝင်တော့သလို ပုဂံဒေသကို ဧည့်သည်အဝင် နည်းနေတာကြောင့် လာရောက်လည်ပတ်သူ ၂ ဆလောက် နည်းသွားတယ်လို့ ပုဂံမြို့ခံတဦးက ပြောပါတယ်။
“ဧည့်သည်တွေ သိပ်မလာကြဘူး။ မြို့ခံတွေပဲ လာတာ။ အရင်ကဆို တန့်ကြည်တောင်ဘက်က ရေငံချက်ရွာဘက်ကနေ လာကြတယ်။ တရွာလုံး စစ်ရှောင်နေကြတော့ မလာကြဘူး။ လှေပြိုင်ပွဲရှိရင် သီချင်းတွေပါ တိုက်ကြတယ်။ ဒီနှစ် မရှိဘူး။ မုန့်သည်၊ ကော်ပစ္စည်းဆိုင်၊ အင်္ကျီဆိုင်လောက်ပဲ တွေ့တယ်။ ဧည့်သည်က နှစ်ဆလောက်ကို နည်းသွားတာ။”
လောကနန္ဒာစေတီတော်ဟာ ပုဂံစွယ်တော်လေးဆူရဲ့ တဆူအပါအဝင် ဖြစ်တဲ့အပြင် သီဟိုဠ်နိုင်ငံက ဆက်သတဲ့ ဗုဒ္ဓစွယ်တော်ကို ထပ်မံပွားလိုက်ကာ ဌာပနာထားတဲ့ ပျူ၊ မြန်မာ ဗိသုကာလက်ရာတွေနဲ့ တည်ထားတဲ့ အေဒီ ၁၀၉၅ ခုနှစ်က အနော်ရထာမင်းကြီးရဲ့ ကောင်းမှုတော်လည်း ဖြစ်ပါတယ်။
ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၄ မှာ ၉၅၂ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ဝါခေါင်လဆန်း ၇ ရက်နဲ့ ၈ ရက်တွေမှာ သံဃာတော်တွေကို လှူဒါန်းမှုတွေ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
ပုဂံမြို့မှာပဲ ဝါခေါင်လဆန်း ၁၄ ရက်၊ ၁၅ ရက်မှာ မြစေတီဘုရားပွဲနဲ့ တော်သလင်းလပြည့်နေ့မှာ မနူဟာဘုရားပွဲတော်တွေ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။