ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံလို နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြည်တွင်းက လာရောက်လည်ပတ်သူတွေကို အပြည့်အဝ ဆွဲဆောင်နိုင်တဲ့ဒေသမှာ ခရီးသွားတွေ လာရောက်လာပတ်မှု မရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပုဂံခရီးသွားတွေကို မှီခိုပြီး စီးပွားရေးတွေ လုပ်ကိုင်နေရတဲ့ ဒေသခံတွေလည်း အလုပ်အကိုင် ရှားပါးမှုနဲ့ စားဝတ်နေရေးတွေအတွက် အလုပ်ပြောင်းလုပ်ကိုင်တာ၊ နယ်စပ်ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကိုင်နေရတယ်လို့ ပုဂံဒေသခံ တုပ်တုပ်ကားမောင်းသမားတယောက်က ပြောပြပါတယ်။
“လုပ်ငန်းတွေက မရှိတော့ တခြားနိုင်ငံတွေ သွားတဲ့သူတွေလည်း သွားကြတာပေါ့။ လောက်ကိုင်ဘက် သွားတဲ့သူနဲ့ နိုင်ငံခြားထွက်တဲ့သူနဲ့ ဒီမှာက အလုပ်က မရှိဘူးလေ။ ရှိပြန်တော့လည်း ဟိုတယ်တွေက ရှစ်သောင်းလောက်ပေး၊ တသိန်းလောက်ပေးနဲ့ဆိုရင် မိသားစု စားဝတ်နေရေးက မပြေလည်ကြတော့ လုပ်ငန်းရှိရာလေးတွေကိုပဲ သွားကြလာကြရတာ။ အလုပ်လက်မဲ့တွေက များတာပေါ့ ရွာထဲမှာပေါ့။ အခုရက်ပိုင်းဆို တလမှ တခေါက် နှစ်ခေါက်ပဲ ရတာ။ ပုဂံမှာက တခြားလုပ်ကိုင်စားစရာ မရှိဘူးဗျ။ ကျနော်တို့မှ မဟုတ်ပါဘူး၊ တခြားဈေးသည်တွေလည်း ဒီနှစ်က ရောင်းရေးဝယ်ရေး မကောင်းကြဘူးဗျ။ ကမ္ဘာလှည့်ခရီးသည်ဆို ဒီမှာ ရှိကိုမရှိဘူး။ ခုဆို ကျနော် ညဆို ညစောင့်လုပ်တယ်၊ ညစောင့်အလုပ်က တသိန်းခွဲရပါတယ်။”
ပြည်တွင်းခရီးသွား အနည်းငယ်လောက်သာ လာရောက်လည်ပတ်တာရှိနေပြီး ကိုယ်ပိုင်ကား၊ ဒါမှမဟုတ် ကြိုတင်ပြီး ချိတ်ဆက်ထားတဲ့ တုပ်တုပ်ကားတွေနဲ့ လည်ပတ်ကြတာဖြစ်လို့ ပုဂံဘုရားတွေမှာ ဂိတ်ထိုးပြီး ခရီးသည်စောင့်ရတဲ့ တုပ်တုပ်ယာဉ်မောင်းတွေ အနေနဲ့ကတော့ လုပ်ငန်းအဆင်မပြေဘူးလို့ ဆိုပါတယ်။
လက်ရှိ ပုဂံမှာ တခြားဒေသကလာဖွင့်တဲ့ ဆိုင်ကြီးတချို့သာ ဖွင့်လှစ်ရောင်းချနေပြီး ဒေသခံဆိုင်လေးတွေနဲ့ ဈေးသည်တွေလည်း သိပ်မရှိဘူးလို့ သိရပါတယ်။
ဘုရားဖူးတယောက်က “ပုဂံက အရင်လိုမဟုတ်တော့ဘူး။ နယ်ခံလူတွေ ရောင်းတဲ့ဆိုင်တွေက လုံးဝ အရမ်းပါးသွားတာ ရန်ကုန်ကလူတို့ တခြားမြို့ကလူတို့က လာပြီးတော့ ဆိုင်ကြီးတွေဖွင့်တယ်။ ဘူဖေးတို့ဘာတို့၊ တခြားက လာဖွင့်တဲ့ဆိုင်က ပိုများလာတာ အဲလိုဖြစ်နေတယ်။ သရပါဆိုင်ဆို ဟင်းလည်းအများကြီး မတင်နိုင်တော့ဘူး။ ဘုရားတွေ သွားရင်လည်း မရောင်းရလို့ပါ၊ ယူပေးပါလားဆိုပြီး ဇီးထန်းလျက်ရောင်းတဲ့ အန်တီကြီးတွေဆို အာ့လိုလေးတွေပြောတာ။ လူတွေက ဒီတိုင်း ပေါ်ပင်လုပ်သွားချင်လို့ သွားနေကြတဲ့ ပုံဖြစ်နေတာ။ ဘုရားတွေလည်း အကုန်လုံးဝင်လို့ မရတော့ဘူး။ ပြင်တဲ့ဟာတွေဆိုလည်း လျှောက်ပြင်ထားတာ ဖြစ်ချင်တိုင်းဖြစ်နေတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ပုဂံရှေးဟောင်းနယ်မြေဇုန်အတွင်းမှာ ရေမြောင်းတူးဖော်တာကို စက်ယန္တရားကြီးတွေ အသုံးပြုခဲ့လို့ ရှေးဟောင်းသုတေသနဌာနကို ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
ရှေးဟောင်းစေတီပုထိုးတွေကို ဆေးသုတ်ပြုပြင်တာနဲ့ ရှေးဟောင်းနယ်မြေအတွင်းမှာ တိရစ္ဆာန်မွေးမြူတာ စတာတွေကြောင့်လည်း ရှေးဟောင်းသုသေတနပညာရှင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်နေကြတာပါ။
ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတချို့နဲ့ လက်မှုဆိုင်လုပ်ငန်း ပိုင်ရှင်တွေလည်း လုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ နောက်ဆုံးပတ်ထဲ ပုပ္ပါးဒေသမှာ အဘထွက်ပွဲ ရှိတဲ့အတွက် ခရီးသည် အနည်းအကျဉ်းလောက်ကသာ ပုဂံကို ဝင်ရောက်လည်ပတ်နေတယ်လို့ ဘုရားဖူး တယောက်ကလည်း ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနကတော့ ၂၀၂၃ ဇန်နဝါရီလကစလို့ ဇူလိုင်လအထိ မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်သည် စုစုပေါင်း ၆ သိန်းကျော် ဝင်ရောက်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ရင် ပြည်ပခရီးသွား ၅ သိန်းကျော် ပိုမိုတိုးလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။