ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာရှိတဲ့ ရှေးဟောင်းဘုရားတဆူဖြစ်တဲ့ ဓမ္မရာဇကစေတီတော်ကို စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီလောက်မှာ မိုးကြိုးစက်ကွင်းခခဲ့တယ်လို့ သိရပါတယ်။
မိုးသည်းထန် ရွာနေချိန် ညနေ ၃ နာရီ ၄၅ မိနစ်က မိုးကြိုးပစ်ခဲ့တာဖြစ်ပြီး အုတ်ချပ်တွေကွာတာ မတွေ့ရဘဲ ဘုရားကြီးရဲ့ ခေါင်းလောင်းတော်နဲ့ ကြာမှောက်ကြာလှန်ကြား ဖောင်းရစ်ပတ်လည်မှာ ရွှေသင်္ကန်းတွေမည်းသွားတာကို မျက်မြင်စစ်ဆေးတွေ့ရှိရပြီး တခြားအဆောက်အအုံတွေတော့ ထိခိုက်တာမရှိဘူးလို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီသတင်းအရ ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနဲ့အဖွဲ့၊ ညောင်ဦးခရိုင် စစ်ကောင်စီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲမှူး၊ ခရိုင် သာသနာရေးမှူးတို့ သွားရောက် စစ်ဆေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဖွားစောရွာမှာရှိတဲ့ ဓမ္မရာဇကစေတီတော်ကို ဒေသခံတွေကတော့ ဘုရားလုံးကြီးလို့ ခေါ်ကြပြီး ခရစ်သက္ကရာဇ် ၁၁၉၈ မှာ နရပတိစည်သူမင်းက တည်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။