Home
နိုင်ငံတကာ
ပုဂ္ဂလိက အာကာသခရီးသွားများ အာကာသတွင်း လမ်းလျှောက်မည်
DVB
·
September 12, 2024
Photo - REUTERS/Joe Skipper

အီလွန်မတ်စ်ခ်ရဲ့ SpaceX  ကုမ္ပဏီရဲ့ အာကာယာဉ်နဲ့ ကမ္ဘာပတ်လမ်းထဲ ရောက်ရှိနေတဲ့ ပုဂ္ဂလိက အာကာသခရီးသွားတွေဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ပုဂ္ဂလိက အာကာသတွင်း လှမ်းလျှောက်မှု ပြုလုပ်ဖို့ စက်တင်ဘာ ၁၂ ရက်မှာ ကြိုးပမ်းမှာဖြစ်ပါတယ်။

ဘီလျံနာသူဌေးကြီးတယောက်၊ အငြိမ်းစားစစ်လေယာဉ်မှူးတ‌ယောက်နဲ့ SpaceX ဝန်ထမ်း ၂ ယောက်တို့ဟာ အင်္ဂါနေ့က ကမ္ဘာမြေကနေ ထွက်ခွာလာကြတာ ဖြစ်ပါတယ်။

Polaris Dawn လို့ အမည်ပေးထားတဲ့ မစ်ရှင်ဟာ စီးပွားဖြစ် အာကာသခရီးစဉ်ရဲ့ အကန့်အသတ်ရှိမှုကို ပြောင်းလဲဖို့ အီလွန်မတ်စ်ခ်ကုမ္ပဏီရဲ့ စွန့်စားမှုလည်း ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းထဲမှာ ပတ်နေတဲ့ Crew Dragon အာကာသယာဉ်ထဲမှာ ၂ ယောက်က စောင့်နေတဲ့အချိန် တခြား ၂ ယောက်က ယာဉ်အပြင်ဘက်ထွက်ပြီး လျှောက်မှာဖြစ်ပါတယ်။

အဲဒီအချိန်အတွင်းမှာ အာကာသယာဉ်ထဲမှာ လုံးဝ လေဖိအားလျှော့ချလိုက်မှာဖြစ်ပြီး ယာဉ်ထဲကျန်တဲ့ ၂ ‌ေယာက်က အာကာသဝတ်စုံက အောက်ဆီဂျင်နဲ့ပဲ နေရမှာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဂျရက်အိုက်ဆက်မန်း ဆိုသူ ဘီလျံနာသူဌေးကြီးက ဒီမစ်ရှင်အတွက် အကုန်အကျခံတာ ဖြစ်ပါတယ်။

Shift4 အီလက်ထရောနစ် ငွေပေးချေရေးကုမ္ပဏီ ထူထောင်သူလည်းဖြစ်၊ ပိုင်းလော့တယောက်လည်းဖြစ်တဲ့ အိုက်ဆက်မန်းဟာ ဘယ်လောက် အကုန်အကျခံသလဲ ဆိုတာ ထုတ်မပြောပေမဲ့ ဒေါ်လာ သန်းရာချီ ကုန်မယ်လို့ ယူဆရပါတယ်။

Crew Dragon ဒီအတိုင်း အာကာသထဲ လိုက်စီးရင်တောင် တယောက်ကို ဒေါ်လာ ၅၅ သန်း ကျသင့်တာဖြစ်ပါတယ်။

အရင်တုန်းကတော့ အာကာသထဲ လမ်းလျှောက်တာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အစိုးရကစေလွှတ်တဲ့ အာကာသယာဉ်မှူးတွေပဲ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းထဲမှာရှိတဲ့ ၂၀၀၀ ပြည့်နှစ်က စတင်လည်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ ထွက်ပြီး အာကာသတွင်း လမ်းလျှောက်မှု အကြိမ်ရေ ၂၇၀ ရှိပါတယ်။

တရုတ်ရဲ့ တျန်ကုန်း အာကာသစခန်းကနေ တရုတ်အာကာသယာဉ်မှူးတွေ ထွက်လျှောက်ခဲ့တာလည်း ၁၆ ကြိမ် ရှိပါတယ်။

ပထမဆုံး အမေရိကန်ရဲ့ အာကာသတွင်း လမ်းလျှောက်မှုဟာ ၁၉၆၅ ခုနှစ်ကဖြစ်ပြီး ယာဉ်အခန်းထဲက ထွက်လျှောက်တာ ဖြစ်ပါတယ်။

အခု Polaris Dawn မစ်ရှင်က အဲဒီတုန်းကနဲ့ ဆင်တူပြီး စခန်းက ထွက်လျှောက်ရတာထက် ပိုစွန့်စားရတဲ့ကိစ္စ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013