နိုင်ဂျီးရီးယား မြောက်ပိုင်း ရေကြီးမှုအတွင်း တိရစ္ဆာန်ရုံထဲက ခြင်္သေ့၊ ကျွဲ၊ ငှက်ကုလားအုတ် ကနေ မိကျောင်းအထိ သတ္တဝါ ၈၀ ရာခိုင်နှုန်းကျော် သေဆုံးခဲ့တယ်လို့ တိရစ္ဆာန်ရုံက စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဘော်နိုပြည်နယ်က ရေဘေးနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ လူတွေအတွက် အသက်အန္တရာယ်ရှိတဲ့ မိကျောင်းနဲ့ မြွေလိုမျိုး တချို့တိရစ္ဆာန်တွေ လူနေရပ်ရွာထဲ မျောပါလာတယ်လို့ စန်ဒါ ကျာရီမီ တိရစ္ဆာန်ဥယျာဉ်က ပြောပါတယ်။
မိုးကြီးလို့ ဆည်ကို ရေကျော်အပြီးမှာ ရေလွှမ်းမိုးမှု စတင်ခဲ့တာပါ။ လူထောင်ချီ နေစရာ ပျောက်ခဲ့ပြီး ဒေသခံတွေ ကြိုတင်သတိထားကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။
ကပ်ဘေးဟာ ဘော်နိုပြည်နယ်ရဲ့ မြို့တော် မိုင်ဒူဂူရီက စာတိုက်ကြီးနဲ့ သင်ကြားရေးဆေးရုံ အပါအဝင် မြို့ပံ့ပိုးမှု အင်္ဂါရပ်တွေကိုပါ သက်ရောက်ခဲ့လို့ ကပ်ဘေး အဆိုးဆုံးသင့်ခဲ့တဲ့ ဒေသတွေက လူတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ နိုင်ဂျီးရီးယား သမ္မတရုံးက ပြောပါတယ်။
အလောင်ဆည် ရေလျှံလို့ဖြစ်တဲ့ ကပ်ဘေးကြောင့် အသက်နဲ့ လူနေမှုဘဝ ဆုံးရှုံးခဲ့တဲ့ မိသားစုတွေ၊ ဒေသခံတွေနဲ့ အစိုးရတို့အတွက် ကြေကွဲဝမ်းနည်းပြီး စာနာတယ်လို့ သမ္မတ တီနူဘူက ပြောပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ရင်ဆိုင်မယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့လက နိုင်ငံအရှေ့မြောက်ပိုင်းမှာ ရေကြီးလို့ လူ ၄၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ် ရေလွှမ်းမိုးမှုကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။
ဘိုကိုဟာရမ် သူပုန်တို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘော်နိုပြည်နယ်ဟာ ၁၅ နှစ်ကြာ သူပုန်ထမှုနဲ့အတူ လူအများအပြား သေဆုံးတာ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေကို ရင်ဆိုင်နေရပါတယ်။
Source-Reuters