Home
မြန်မာသတင်း
MNDAA သိမ်းထားသည့် နမ္မကျောက်မီးသွေးတွင်းကို စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
September 11, 2024
Photo Crd-MNDAA နဲ့ နီးစပ်သူ တစ်ဦး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့နယ်၊ နမ္မဗောဓနဲ့ နမ့်ပေါင်ရွာကြားရှိ ကိုးကန့်တပ် (MNDAA) က သိမ်းထားတဲ့ နမ္မကျောက်မီးသွေးသတ္တုတွင်းကို စက်တင်ဘာ ၁၀ ရက် မနက် အစောပိုင်း ၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း‌ ဒေသခံတွေနဲ့ MNDAA ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “နမ္မကျောက်မီးသွေး (မိုင်း) မှာ စစ်ကောင်စီက ဗုံးလာကြဲသွားတာလေ။ လူမထိပါဘူး။ အဲဒီမှာ လူတွေမှမရှိတာ။ အရင်က အစိုးရလိုင်းခန်းတွေလည်း ဟောင်းနွမ်းပျက်စီးနေပြီ။ အဲဒါကို အခု အစောင့်တယောက် ၂ ‌ယောက်က ပြင်ပြီး ပြန်နေတာ။ ရုံးဆိုလည်း မှိုတောင်တက်နေပြီ” လို့ ပြောပါတယ်။

ကျောက်မီးသွေးထားတဲ့ ကွင်းပြင်မှာတော့ ကုမ္ပဏီဘက် အဆောက်အအုံတလုံး ဆောက်ထားတာ ရှိပေမဲ့ လက်ရှိ လမ်းတွေ သွားလာရ အဆင်မပြေတာကြောင့် ကျောက်မီးသွေးလာတင်မယ့် ကားတွေလည်း မရှိတော့ ဘယ်သူမှ မရှိဘူးလို့လည်း ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နမ့်ပေါင်ရွာအနီးက နမ္မကျောက်မီး‌သွေး‌တွင်းမှာ စစ်ကောင်စီက ဗုံးလာကြဲတာ ဟုတ်တယ်။ နမ့်ပေါင်အထွက်မှာ။ နမ့်‌ပေါင်ကနေ ထွက်ပြီး သိပ်မကြာပါဘူး နမ္မသို့လို့ ရေးထားတယ်။ ကြားထဲမှာ အဆောက်အအုံက ၂ ခု၊ ၃ ခုလောက်ပဲ ထိတာပါ” လို့ ပြောပါတယ်။

ဗုံးကြဲတာကြောင့် အဆောက်အအုံတချို့ ပျက်စီးသွားပြီး ပြည်သူတယောက်မှ ထိခိုက်ခဲ့တာတော့ မရှိဘူးလို့လည်း ပြောပါတယ်။

စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီလောက်က လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ၁၄ နာရီအကြာ စက်တင်ဘာ ၁၀ ရက် မနက်စောစော ၁၂ နာရီ ၅၈ မိနစ်နဲ့ ၂ နာရီအကြား နမ္မ ကျောက်မီးသွေးတွင်းတခုကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ စုစုပေါင်း ဗုံးကြီး ၄ လုံး အပြင် ဗုံးအသေးအများအပြား ကြဲချခဲ့ကြောင်း MNDAA ဘက်က သတင်းထုတ်ထားပါတယ်။

သတ္တုတွင်း အတွင်းရှိ အဆောင်တွေနဲ့ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး လူ ထိခိုက် သေဆုံးမှုတော့ မရှိကြောင်း ဖော်ပြထားပါတယ်။

နမ္မ‌‌ဗောဓ၊ နမ္မကျောက်မီးသွေး သတ္တုတွင်း၊ နမ့်ပေါင် စတဲ့နေရာက စစ်ကောင်စီ တပ်စခန်းတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။

စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီ‌ကျော်ကလည်း စစ်ကောင်စီက လားရှိုး ခရိုင်ထွေအုပ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် MNDAA အရာရှိတယောက်၊ လားရှိုးထောင်ကနေ လွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတယောက် သေဆုံးပြီး အကျဉ်းသားဟောင်း ၆ ယောက် အပါအဝင် ရုံးအနီးက လက်ဖက်ရည်ဆိုင်မှာ ရှိနေတဲ့ ပြည်သူတွေနဲ့ ရုံးဝင်းထဲ အင်တာနက် လာသုံးတဲ့ ပြည်သူ ၁၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက် မနက် ၄ နာရီ ဝန်းကျင်ကလည်း စစ်ကောင်စီက လားရှိုးမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက် ၁၂ က ပြည်‌ထောင်စုအားကစားကွင်းနဲ့ ရေပူစမ်းသွားတဲ့ လမ်းက Sliver Sky Hotel အဆောက်အအုံတွေမှာ ကျရောက်ထိမှန်ခဲ့ပြီး ကားတွေနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ညကလည်း လားရှိုး ရပ်ကွက် ၉ ဘက်မှာ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အမှတ် ၈ အလယ်တန်းကျောင်းနဲ့ ကျောင်းအနီးနားက  နေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013