ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသူ ၁၂ ယောက် ရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီဗုံးကြဲလို့ ကလေး၁၂ ယောက် အပါအဝင် ၃၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။
တရုတ် - မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ ပြည်သူ ၁၂ ယောက်သေ၊ ၁၃ ယောက် ဒဏ်ရာရပြီး နေအိမ် ၇၀ လောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “Update တော့ သေတာ ၁၂ ယောက်။ ဒဏ်ရာရတာ ၁၃ ယောက် တဲ့။ ဗုံးကြဲတာက ၂ လုံး မဟုတ်ဘူး။ ၄ လုံး ဖြစ်နေတယ်။ တနေရာကို ၂ လုံး၊ ၂ လုံး ဖြစ်နေတယ်။ အကုန်လုံး အရပ်သားပဲ” လို့ ပြောပါတယ်။
စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲခန့်က နမ့်ခမ်းနဲ့ မန့်ဝိန်းကြား တိုက်လေယာဉ် ၂ စင်း ပျံဝဲနေတာ ကြားရပြီး နမ့်ခမ်းမှာ ဗုံး ၄ လုံး ကြဲချခဲ့ပြီးတဲ့နောက် တစင်းက ရွှေလီမြစ်ကြောင်း အတိုင်း ပျံသန်းသွားပြီး နောက်တစင်းက ဗန်းမော်ဘက် ဦးတည်ပျံသန်းသွားတယ် လို့ KIA သတင်း ရင်းမြစ် တွေဆီက သိရပါတယ်။
အရင်နေ့တွေကတည်းက ကင်းထောက်လေယာဉ် ခဏခဏလာဝဲနေခဲ့ပြီး တိုက်လေယာဉ်နဲ့ ၂ နေရာ ဗုံးလာကြဲသွားတာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“လုံးလုံးပျက်စီးသွားတဲ့ နေအိမ် ၂၀ ခန့် ရှိတယ်။ အနည်းငယ်ထိခိုက်ပျက်စီးတဲ့ နေအိမ် ၅၀ ထက် မနည်းရှိတယ်။ ပြည်သူတွေ အားလုံးထိတ်လန့်ကုန်ပြီ” လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးက ပြည်သူလူထုနေအိမ်တွေအပေါ်နဲ့ ကျားဖြူခန်းမအနီးဘက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်၊ ကိုယ်ဝန်ဆောင်မိခင် ၁ ယောက်၊ ပရဟိတသမား ၁ ယောက် အပါအဝင် ၁၁ ယောက် သေဆုံး၊ ကလေးငယ် ၂ ယောက် အပါအဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာနကလည်း ကနဦးသတင်းထုတ်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ နမ့်ခမ်းမြို့ကို TNLA ဘက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး TNLA အုပ်ချုပ်ပြီးနောက်ပိုင်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၄ ရက်နေ့ ကလည်း နောင်ချိုမြို့နယ်၊ မဲပုတ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းကလည်း မန်တုံမြို့ကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့ တို့မှာလည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ခပ်စိပ်စိပ်တိုက်ခိုက်လာတာကို တွေ့ရပါတယ်။
ကရင်နီ(ကယား)ပြည်မှာတော့ ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာနားက ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက် ည ၉ နာရီကျော်မှာ တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲလို့ ကလေးငယ် ၇ ယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့ပါတယ်။
အသက် ၁၀ နှစ်ဝန်းကျင် ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက်၊ အသက် ၁၃ နှစ်ဝန်းကျင် မိန်းကလေး ၃ ယောက်နဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၂ ယောက် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
ဗုံးကြဲတာကြောင့် စစ်ရှောင် ၁,၀၀၀ လောက်နေထိုင်တဲ့ ဘန်ကောက်စစ်ဘေးရှောင်စခန်းက လူ နေအိမ် ၂၀ လောက် ပျက်စီးသွားခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကရင်နီပြည်နယ်၊ လွိုင်ကော်ကို သွားရောက်လည်ပတ်ချိန် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက်တရက် စက်တင်ဘာ ၅ ရက် မနက်ပိုင်မှာ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ လူ ၃ ယောက် သေဆုံးခဲ့ရပြီး ညပိုင်းမှာတော့ လအိကျေးရွာနားက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ ဖြစ်ပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း လက်ယက်မရွာကို စက်တင်ဘာ ၆ ရက် နေ့လယ် ၁ နာရီလောက်မှာ လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက်သေဆုံး၊ အများအပြားဒဏ်ရပြီး စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “တိုက်ပွဲမရှိဘူးဗျ။ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို သက်သက်မဲ့လာဖျက်ဆီးသွားတာ။ ရွာစာသင်ကျောင်းကို အရင်ပစ်တယ်။ ပြီးမှဗုံးကြဲတာ။ စာသင်ကျောင်းမှာက လက်ယက်မရွာရဲ့ အနီးချုပ်စပ်ရွာတွေမှာ စစ်တပ်စစ်ကြောင်းထိုးလို့ပြေးလာတဲ့ စစ်ဘေးရှောင်တွေ နေနေကြတာပါ။ အခုညနေပိုင်းအထိတော့ ရွာခံတွေရော၊ စာသင်ကျောင်းမှာနေတဲ့ စစ်ဘေးရှောင်တွေထဲကရောဆိုရင် စုစုပေါင်း ၅ ယောက်ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေထဲက ဒီနေ့ညနေပိုင်းမှာ ၁ ယောက်ထပ်ဆုံးတယ်။ ၃ ယောက် ကလည်း စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်” လို့ DVB ကို ပြောပါတယ်။
လက်ယက်မကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေပစ်ခတ်မှုကြောင့် အသက် ၆၀ ၀န်းကျင် ဒေါ်ချိုချိုဝင်း၊ အသက် ၃၇ နှစ်အရွယ် ကိုသန့်ဇင်ထွန်း၊ အသက် ၃၅ နှစ်အရွယ် ကိုမျိုးထွန်းနဲ့ မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် မဝေဇင်ဖြိုး အပါအဝင်မိသားစုဝင် ၄ ယောက်အပြင် လမ်းပေါ်မှာဆိုင်ကယ်စီးနေတဲ့ အသက် ၂၀ အရွယ် မရတီကျော်လည်း ဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲက အသက် ၆၀ အရွယ် ဒေါ်မြအေးလည်း ညနေပိုင်းမှာ ထပ်သေဆုံးသွားတဲ့အတွက် သေဆုံးသူ ၆ ယောက်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်းတိုက်ခိုက်နေတာတွေ ပိုမိုဆိုးရွားလာတဲ့အတွက်လည်း လေကြောင်းရန်သတိပေးနှိုးဆော်ချက်တွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့မြို့နယ်တွေမှာ ပျောက်ဆုံးနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက်ဟာ ဒါထက်များနိုင်ပြီး စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်တွေက မင်းတပ်၊ နွားထိုးကြီးနဲ့ နောင်ချိုမြို့နယ်တို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။