Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊  ကလေး ၇ ဦးအပါအဝင် ၉ ဦး သေဆုံး
DVB
·
September 6, 2024

ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့နယ်အနောက်ခြမ်း ရိနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၅ ရက် ည ၉ နာရီကျော်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၇ ဦးအပါအဝင် ၉ ဦး သေဆုံးသွားခဲ့တယ်လို့  ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။

“လအိဘန်ကောက်စစ်ရှာင်စခန်းကို လေယာဉ်နဲ့ဗုံးလာကြဲတာ အသက်က ၁၀ နှစ်လောက် ယောကျ်ားလေး ၂ ယောက်၊ မိန်းကလေး ၂ ယောက်၊ အသက် ၁၃ နှစ်ဝန်းကျင် မိန်းကလေး ၃ ယောက်နဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၂ ယောက် စုစုပေါင်း ၉ ယောက် သေဆုံးတယ်။”

စစ်ကောင်စီတပ်ကနေ ဘန်ကောက်စစ်ဘေးရှောင် နေရာကို တိုက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲ ၂ လုံး နဲ့ကြဲချခဲ့တာဖြစ်တယ်လို့ ဒေသနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက  “စစ်ကောင်စီလေတပ်ကနေ တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးလာကြဲတာဖြစ်ပြီး တလုံးက စစ်ဘေး ရှောင်အစွန်နေရာမှာ ကျရောက်ကာ နောက် တလုံးက စစ်ဘေးရှောင်မိသားစု တစုနေအိမ်ပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်။ သေဆုံးသူ ၆ ယောက်ဟာ ကျောင်းတက်နေဆဲ ကလေးသူငယ် ကျား ၂ ဦး၊ မ ၄ ဦး (၃ တန်းမှ ၁၁ တန်းအထိ) ဖြစ်ပြီး အသက် ၄၀ အထက်အမျိုးသမီး ၂ ဦးပါဝင်ကာ အခုလက်ရှိ တဦးပျောက်ဆုံးနေဆဲပဲ”လို့ ပြောပါတယ်။ 

ဗုံးကြဲတာကြောင့် စစ်ရှောင်  ၁၀၀၀ လောက်နေထိုင်တဲ့ ဘန်ကောက်စစ်ဘေးရှောင်စခန်းရှိ လူ နေအိမ် ၂၀ လောက် ပျက်စီးသွားခဲ့ပါတယ်။ 

ဗုံးကြဲခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမှာ ၁၁ တန်းအထိ ကျောင်းဖွင့်လစ်ထားတဲ့အတွက် အနီးအနားက ကျေးရွာတွေက ကျောင်းသူကျောင်သားတွေလည်း အဲဒီနေရာမှာလာရောက် နေထိုင်ပြီး ကျောင်းတက်တာတွေရှိတယ်လို့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ 

ဒီလိုအရပ်သားရှိရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ပေါ် ကိုဗညားက  “ခုလိုပြည်သူတွေသေကျေစေလိုတဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်တယ်လို့ ကနဦးပြောလိုတယ်။ ခုလိုလုပ်ရပ်က ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့အပြင် လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပါတယ်။ ခွင့်လွှတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။  တရားမျှတမှုရတဲ့ အထိ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်အောင် ဘက်ပေါင်းစုံနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကရင်နီပြည်နယ်၊ လွိုင်ကော်ကို သွားရောက်လည်ပတ်ချိန် လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီးနောက်တရက်  စက်တင်ဘာ ၅ ရက် မနက်ပိုင်မှာ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ လူ ၃ ဦး သေဆုံးသွား ခဲ့ရပါတယ်။

ညပိုင်းမှာတော့  လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ  ဗုံးကြဲ တိုက်ခိုက်တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ အပေါင်းပါတွေကို နိုင်ငံတော်နဲ့ ပြည်သူလူထုတွေရဲ့ ရန်သူအဖြစ် သတ်မှတ် ကြေညာထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013