ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ စဥ့်ကူးကျေးရွာက အုပ်ချုပ်ရေးမှူးတယောက်နဲ့ ပျူစောထီး ၂ ယောက်ကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်အောင် ပစ်သတ်ခံရပြီးနောက် အလောင်း လာရောက်ကောက်ယူတဲ့ ပျူစောထီး ၂ ယောက်ကိုပါ အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။
“အုပ်ကြီး သက်အောင်ကိုတော့ တောင်သုံးလုံးဘုရားနဲ့ စဥ့်ကူးကျေးရွာကြားက လမ်းပိုင်းမှာ ကျနော်တို့ ရဲဘော်တွေက မနက် ၇ နာရီလောက်က စောင့်ပြီး ရှင်းလင်းခဲ့တာပါ။ ၉ နာရီလောက်မှာ အလောင်းလာကောက်တဲ့ ပျူအဖွဲ့နဲ့ မိနစ် ၂၀ လောက် ထိတွေ့တိုက်ကြတာ ပျူ ၂ ယောက်ကို အနီးကပ် ထပ်ပြီး ရှင်းလင်းနိုင်ခဲ့တာပါ။ ရဲဘော်တွေလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။”
အုတ်ဖိုမြို့နယ်၊ စဥ့်ကူးရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် သက်ကြီး (ခ) သက်အောင် ထံကနေ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေကျပ် ၁ သိန်းနဲ့ စစ်မှုထမ်းဟောင်းကတ်ပြား ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေး ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၇ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာအတွင်း စစ်အုပ်စုတပ်စွဲထားတဲ့အိမ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် ပျူစောထီး ၇ ယောက် သေဆုံးခဲ့ပါတယ်။