Home
မြန်မာသတင်း
ပဲခူးရိုးမအတွင်း ခိုးထုတ်ထားသည့် ကျွန်းနုပင်များကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းဆည်း
DVB
·
September 2, 2024
Photo - အုတ်ဖိုမှ သိမ်းဆည်းထားသော ကျွန်းသစ်များ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းမှာ ဩဂုတ် ၃၀ ရက် မနက် ၉ နာရီဝန်းကျင်က ကျွန်းနုပင်တွေ ခုတ်ယူနေပြီး သစ်ခိုးထုတ်နေတဲ့အဖွဲ့ဆီကနေ ကျွန်းနုပင်တွေကို သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကျွန်းနုပင် ၆ ဒသမ ၈ တန်ကို သိမ်းဆည်းခဲ့ပြီး သစ်ခိုးထုတ်တဲ့ အဖွဲ့ကိုလည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ထပ်မံခုတ်ယူခြင်းမပြုဖို့ သတိပေးပြန်လွှတ်လိုက်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ရဲ့ တပ်ခွဲမှူး ဒေဝက ပြောပါတယ်။

“မြေပြင်မှာ နှုတ်နဲ့ သတိပေးမှု အကြိမ်ကြိမ်ရှိတယ်။ မလိုက်နာလို့ ဖမ်းဆီးပြီး စာထုတ် သတိပေးတယ်၊ မရဘူး၊ ထပ်ပြီးကျွန်းနုပင်တွေ ခုတ်တယ်။ ခုလည်း စာထုတ် သတိပေးထားတယ်။” 

မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ကျွန်းနုပင်တွေ ခိုးမထုတ်ဖို့အတွက် သတိပေးစာ ၂ ကြိမ် ထုတ်ခဲ့ပြီး ၃ ကြိမ်မြောက် ဖြစ်လာပါက ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ ဆို ပါတယ်။

“ခုကာလက ရွာတွေ၊ မြို့တွေမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရိုးမပေါ် တက်လုပ်စားကြတာကို ကျနော်တို့က ပြည်သူကို ငဲ့ပြီး ရိုးမထဲ သွားလာခွင့်မပိတ်ဘဲ ကျွန်းနုပင် မခုတ်ဖို့ဘဲ သတိပေးနေတာ။ ခု သတင်းထုတ်ပြန်မှု လုပ်ဆောင်ပြီးရင် စောင့်ကြည့်ပြီး ပိုဆိုးလာရင် သစ်ခုတ်တာ လုံးဝခွင့်မပြုတော့ပါဘူး။ ထိထိရောက်ရောက် အရေးယူပြီး လိုအပ်ရင် စစ်ဆင်ရေးနယ်မြေအတွင်း သွားလာခွင့်ပိတ်သွားပါမယ်။” 

မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)က လွန်ခဲ့တဲ့ ဩဂုတ် ၁၅ ရက် မနက်ကလည်း စစ်ဆင်ရေးနယ်မြေအတွင်းက ဂမုန်းသစ်တောကြိုးဝိုင်းအကွက် ၅၆နဲ့ ၅‌၇ မှာလည်း အခု သစ်ခိုးထုတ်ခဲ့တဲ့ အဖွဲ့ကို ကျွန်းနုပင်တွေနဲ့ ဖမ်းဆီးရမိခဲ့တာကြောင့် ကျွန်းသစ်တွေကို သိမ်းဆည်းပြီး သတိပေး ပြန်လွှတ်ခဲ့‌သေးတယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013